အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဖွဲ့ဖို့ဆိုကာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက မဲနှိုက်လူရွေးပြီး စစ်မှုထမ်းကြေးကိုလည်း လစဥ်တောင်းနေ

အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဖွဲ့ဖို့ဆိုကာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက မဲနှိုက်လူရွေးပြီး စစ်မှုထမ်းကြေးကိုလည်း လစဥ်တောင်းနေ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်မြို့နယ်၊ ကုန်းအင်းအုပ်စုမှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ဖွဲ့ဖို့ဆိုကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအဖွဲ့တွေက မဲနှိုက်ကာ လူစုဆောင်းနေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ကုန်းအင်းအုပ်စုထဲက ကျေးရွာတွေမှာ ဩဂုတ် ၂၇ ရက်ကစတင် မဲနှိုက်ခိုင်းခဲ့ပြီး ကြံခင်းရွာက ၄ ဦး၊ မြသာညိုကျေးရွာက ၃ ဦး စုစုပေါင်း ၇ ဦး မဲပေါက်ထားတဲ့အပြင် စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ စစ်မှုထမ်းကြေးဆိုကာ ဒေသခံတွေကိုငွေတောင်းတာကြောင့် ဇူလိုင်လကစတင်ပြီး ငွေပေးနေရတယ်လို့ ဆိုပါတယ်။ 

ကြံခင်းရွာက မဲပေါက်သူတွေဟာ အသက် ၆၂ နှစ်အရွယ် ဦးထွန်းမြင့်၊ အသက် ၅၇ နှစ်အရွယ် ဦးလှသိန်း၊ အသက် ၄၉ နှစ်အရွယ် ဦးကိုနိုင်နဲ့ အသက် ၄၈ နှစ်အရွယ် ဦးအစိုးရတို့ဖြစ်ပြီး မြသာညိုရွာက မဲပေါက်သူတွေကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။ 

“ပြည်သူ့လုံခြုံရေးအတွက် မဲနှိုက်တာ အဖိုးကြီး ခေါင်းမွှေးဖြူလည်းပါတယ်၊ ဦးလှသိန်း အမျိုးသမီးဆိုရင် ကျန်းမာရေးမကောင်းလို့ ရန်ကုန်မှာဆေးကုနေရတာ။ ကျန်တဲ့ လူတွေကလည်း စီးပွားရေး မပြေလည်ကြဘူး။ စစ်မှုထမ်းကြေးဆိုလည်း ရာအိမ်မှူး‌ အောင်အောင် မိန်းမကိုယ်တိုင် စာရင်းစာအုပ်ချိုင်းကြားညှပ်ပြီး လိုက်ကောက်တာ“ လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်မှုထမ်းကြေးကို ဇွန်လမှာ ကျပ် ၂၀,၀၀၀ ကနေ ကျပ် ၃၀,၀၀၀ ထိပေးရပြီး ဇူလိုင်လမှာ ကျပ် ၄၅,၀၀၀ နဲ့ ဩဂုတ်နဲ့ စက်တက်ဘာလအတွက် ကျပ် ၅၀,၀၀၀ စီ ပေးခဲ့ရတာလို့ ဆိုပါတယ်။

ပြည်သူ့လုံခြုံရေးအတွက် မဲနှိုက်တာနဲ့ စစ်မှုထမ်းငှားဖို့ ငွေတောင်းခံတာတွေကို ပျက်ကွက်ပါက စစ်တပ်ခေါ်ကာ ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

စစ်မှုထမ်းကြေးပေးတဲ့အခါမှာလည်း စိုက်ပျိုးထားဆဲ စပါးနဲ့ ပဲတွေကို ကြိုတင်ရောင်းချကာ ပေးရတာဖြစ်ပြီး ရှေ့လတွေမှာလည်း ဆက်လက်ပေးဆောင်ရဖွယ်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ မဲပေါက်သူ ၇ ဦးကို စစ်ကောင်စီက စစ်သင်တန်းတက်ဖို့ခေါ်ယူတာမျိုးမရှိဘဲ စက်တင်ဘာ ၇ ရက်ဒီနေ့ထိ သူတို့နေထိုင်တဲ့ကျေးရွာတွေမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှာ တာဝန်ထမ်းဖို့ မဲနှိုက်တာမျိုးလုပ်တာဟာ ညောင်လေးပင်မြို့နယ်ထဲမှာတော့ ကုန်းအင်းအုပ်စုမှာလုပ်တာက ပထမဆုံးဖြစ်တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ကုန်းအင်းအုပ်စုမှာ ကြံခင်း၊ မြသာညိုနဲ့ ကျွဲသေမြောင်ကျေးရွာတို့ပါဝင်ပြီး ကြံခင်းနဲ့ မြသာညိုကျေးရွာ ၂ ရွာသာ ဒီ‌နေ့တိုင် စစ်မှုထမ်းကြေးပေးရတာ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နိမ်နှင်းရေးအဖွဲ့အတွက် မဲနှိုက်တာတွေ ပြုလုပ်နေကြတာပါ။

ကျွဲသေမြောင်ရွာကတော့ ဇွန်နဲ့ ဇူလိုင် ၂ လသာ စစ်မှုထမ်းကြေးကောက်ခံနိုင်ခဲ့ပြီး အဲဒီရာအိမ်မှူး ဓါးထိုးခံရမှုဖြစ်ပွားပြီးနောက် စစ်မှုထမ်းကြေးစုတာနဲ့ အသက် ၃၅ နှစ်နဲ့ ၆၅ နှစ်ကြား လူစုတာတွေကို မပြုလုပ်ဘူးလို့ ဆိုပါတယ်။

ကုန်းအင်းအုပ်စုဟာ ကျေးရွာ ၃ ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကြံခင်းရွာမှာ အိမ်ထောင်စု  ၁၂၀ ကျော်၊ မြသာညိုရွာမှာ အိမ်ထောင်စု ၆၅ ဝန်းကျင်နဲ့ ကျွဲသေမြောင်ရွာမှာ အိမ်ထောင်စု ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဖေဖေါ်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကိုစတင်အသက်သွင်းပြီး ဩဂုတ် ၁၆ ရက်မှာတော့ နိုင်ငံတဝန်းရှိ ရပ်ကွက်နဲ့ကျေးရွာအဆင့်အထိ လက်နက်တပ်ဆင်ဖို့အတွက် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်ထိပါဝင်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်တယ်လို့ ကြေညာကာစတင်လူစုဆောင်းနေသလို တဖက်မှာလည်း ပြည်သူ့စစ်မှုထမ်းဥပ‌ဒေနဲ့ ပြည်သူတွေကိုအဓမ္မဖမ်းဆီးတာ၊ ငွေကြေး‌တောင်းခံတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ပုံစာ - ပဲခူးတိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၅ တက်ရောက်မည့်သူများကို ကြိုဆိုပွဲပြုလုပ်နေစဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်မှုထမ်း #မဲနှိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10