သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်းကမြို့နယ်တွေမှာ အချိန်ခါမဟုတ် မိုးအဆက်မပြတ်ရွာခဲ့လို့ စိုက်ပျိုးမြေတွေ အစိုဓါတ်များနေတာကြောင့် မတ်ပဲစိုက်ဖို့ တောင်သူတွေ စောင့်ဆိုင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သာယာဝတီ၊ လက်ပံတန်း၊ ဇီးကုန်း၊ ပေါင်းတည်နဲ့ သဲကုန်းမြို့နယ်တွေမှာ နိုဝင်ဘာ ၆ ရက်ကစတင်ကာ ၃ ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် လယ်ကွင်းတွေထဲမှာ မိုးရေတွေရှိနေကာ မြေအစိုဓါတ်များပြီး ထွန်ယက်ဖို့အခက်တွေ့နေရတာလို့ ဆိုပါတယ်။
“ ပုံမှန်ရာသီဥတုဆိုရင် အခုလ(နိုဝင်ဘာ)က လယ်မြေတွေ ခြောက်သွေ့စပြုလာပြီး ပဲစိုက်ဖို့ထွန်ယက်ဖို့ အချိန်ကောင်းဖြစ်နေပြီ။ အခုက လယ်ကွက်တွေထဲမှာ ရေတွေရှိနေတော့ အလုပ်ကမဖြစ်ဘူး။ ကျနော်တို့အရပ်မှာ နိုဝင်ဘာဆိုတာ မတ်ပဲစိုက်ဖို့ အကောင်းဆုံးလပဲ" လို့ ဇီးကုန်းမြို့ခံ လယ်သမားတဦးက ပြောပါတယ်။
ဒါ့အပြင် စိုက်ပျိုးမြေတွေခြောက်သွေ့ဖို့အတွက် ရက်သတ္တပတ်နှစ်ပတ်ခန့် ထပ်မံစောင့်ဆိုင်းရမှာဖြစ်လို့ မတ်ပဲစိုက်ပျိုးမယ့်ရက် နောက်ကျတဲ့အတွက် အထွက်နှုန်းထိခိုက်မှာကိုလည်း စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပေါင်းတည်မြို့၊ ဟင်္သာကန်ရပ်ကွက်က လယ်သမားတဦးကလည်း မိုးရက်ဆက်ရွာတဲ့အတွက် စိုက်ပျိုးထားတဲ့ ရက်သားအရွယ်မတ်ပဲခင်းတချို့ ရေမြုပ်ပျက်စီးတာတွေရှိတယ်လို့ ဆိုပါတယ်။
“ မိုးပြတ်ပြီဆိုပြီး အခုလဆန်းက ပဲကြဲထားတာ အစို့တွေထွက်လာပြီး အစိမ်းရောင်လေးတွေ မြင်နေရပြီ။ မိုးရွာပြီးလယ်တွေကန်သင်းမြုပ်လို့ မတ်ပဲပင်ပေါက်တွေ ပုပ်ကုန်တာတွေလည်းရှိတယ်" လို့ ပြောပါတယ်။
လက်ရှိပဲခူးတိုင်းအနောက်ခြမ်းမှာ မတ်ပဲ ၁ တင်း(ပိဿာ ၂၀) ကို ကျပ်တသိန်းနှစ်သောင်းဝန်းကျင် ဈေးပေါက်နေပြီး မျိုးပဲအဖြစ်ဝယ်ယူမယ်ဆိုပါက ၁ တင်းကို ကျပ်တသိန်းခွဲဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းက လယ်သမားတွေဆီက သိရပါတယ်။
အဲဒီအခါလွန်မိုးကြောင့်ပဲ ပန်းတောင်းမြို့နယ်အတွင်းက ကုန်းမြေတွေမှာ ပြီးခဲ့တဲ့မိုးလယ်ဩဂုတ်လက စိုက်ပျိုးခဲ့တဲ့ မတ်ပဲခင်းတချို့လည်း ရိတ်သိမ်းအပြီးမှာမိုးရွာခဲ့လို့ ပဲတောင့်တွေ မိုးစိုကာပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံလယ်သမားတွေဆီက သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာ မတ်ပဲကို မိုးစပါးစိုက်အပြီးမှာ အများဆုံးစိုက်ပျိုးလေ့ရှိပြီးအိန္ဒိယနိုင်ငံကို အဓိကတင်ပို့တယ်လို့ သိရပါတယ်။
ပုံစာ - ရာဂီမုန်တိုင်းကြောင့် ရေဝင်ရောက်နေတဲ့ ဇီးကုန်းမြို့နယ်က စပါးစိုက်ခင်း။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူး #မတ်ပဲ #မိုးရွာ #အထွက်နှုန်း #ပျက်စီး
Share Share Share