အငတ်ဘေးဆိုက်လာတဲ့ အညာက ပျူစောထီးအားကောင်းတဲ့ ရွာတွေ (ဆောင်းပါး)

အငတ်ဘေးဆိုက်လာတဲ့ အညာက ပျူစောထီးအားကောင်းတဲ့ ရွာတွေ (ဆောင်းပါး)

 

မကြည်တို့ မိသားစုဟာ ၂ နှစ်ကျော်ကြာ စားဝတ်နေရေးခက်ခဲမှုဒဏ်၊ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေကို ကြောက်လန့်နေရတဲ့ဒဏ်တွေကို မခံနိုင်တဲ့အဆုံး နေအိမ်နဲ့ ပိုင်ဆိုင်တဲ့လယ်ယာတွေကို ကျောခိုင်းကာ သူတို့ဇာတိ ဟံသာဝတီရွာကနေ ထွက်ခွာဖို့  ဆုံးဖြတ်လိုက်ပါတယ်။ 

ဟံသာဝတီရွာမှာ ဆား၊ အချိုမှုန့်၊ ငပိ၊ ငံပြာရည်၊ ဟင်းခပ်အမွှေးအကြိုင်၊ ထန်းလျက်၊ လက်ဖက်ခြောက်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည် စတဲ့အခြေခံစားသောက်ကုန်နဲ့ အသုံးအဆောင်တွေ ပြတ်လပ်နေတာ ၂ နှစ်ကျော်ရှိပြီး လောက်စာလုံးအရွယ် ထန်းလျက်တခဲကို ကျပ် ၁,၀၀၀၊ ကျပ် ၁,၅၀၀ အထိ ဈေးပေါက်တယ်လို့ မကြည်က ရွာထဲကအခြေနေကို ပြောပြပါတယ်။

ဒီလို အခြေခံစားသောက်ကုန်တွေဈေးကြီးပြီး စားသောက်ရေးကျပ်တည်းလာတာကြောင့် အခုနှစ် ဧပြီ ၁၃ ရက်မှာ သူတို့မိသားစု ၃ ယောက် ကျေးရွာကနေ တိတ်တဆိတ်ထွက်ခွာခဲ့ကြပါတယ်။ 

ပုံစာ - ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အင်မထီးပျူစောထီးကျေးရွာမှ အမျိုးသမီး ၂ ဦးနှင့်အမျိုးသား ၁ ဦး ခိုလှုံလာစဉ်။
ပုံစာ - ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အင်မထီးပျူစောထီးကျေးရွာမှ အမျိုးသမီး ၂ ဦးနှင့်အမျိုးသား ၁ ဦး ခိုလှုံလာစဉ်။

ဟံသာဝတီကျေးရွာဟာ တော်လှန်ရေးတပ်တွေ နှစ်ချီ ရိက္ခာဖြတ်တောက်တာခံနေရတဲ့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာတရွာပါ။  

အခုလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရိက္ခာဖြတ်တောက်ပိတ်ဆို့တာခံရတဲ့ ပျူစောထီး အားကောင်းတဲ့ ကျေးရွာတွေမှာ စားဝတ်နေရေး ကျပ်တည်းမှုတွေကြုံနေရပြီး ငတ်ပြတ်မှုဒဏ်ကို မခံနိုင်တော့တဲ့နောက် ပြည်သူတွေသာမက ပျူစောထီးတပ်ဖွဲ့ဝင်တွေပါ ရွာတွေက စွန့်ခွာထွက်ပြေးတာတွေ ဆက်တိုက်ဖြစ်လာနေပါတယ်။ 

ဟံသာဝတီရွာဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာရှိပြီး မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းနယ်စပ်က ကျေးရွာတခု ဖြစ်ပါတယ်။ အဲဒီရွာဟာ ကလေးမြို့နဲ့ ၄၅ မိုင်၊ ဂန့်ဂေါမြို့နဲ့ မိုင် ၅၀ ကွာဝေးပါတယ်။ ဒါ့အပြင် ကလေး-ဂန့်ဂေါ ကားလမ်းမကြီးက ရွာအလယ်ကနေ ဖောက်လုပ်ထားတာကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်တဲ့ ရွာတခုဖြစ်ပါတယ်။ 

ရပ်ကွက် ၇ ခုထိရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၇,၅၀၀ ကျော်နေထိုင်ကာ ရဲစခန်း၊ တိုက်နယ်ဆေးရုံ၊ မီးရထား၊ အ.ထ.က စာသင်ကျောင်းတွေရှိတဲ့ ကျေးရွာတခုပါ။ ဟံသာဝတီဟာ လယ်ယာသုံးစက်ပစ္စည်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်တာကြောင့် စက်မှုလယ်ယာစံပြရွာရယ်လို့ သတ်မှတ်ခံထားရတာလို့ ဒေသခံတွေက ဆိုပါတယ်။

“အာဏာတွေ မသိမ်းခင်ကတော့ မြို့လေးတမြို့လိုပ၊ ရွာထဲမှာ ဘာပဲလိုလို ကလေးတောင်ပိုင်းက စက်ပစ္စည်း လိုရင်လည်း ဟံသာဝတီမှာ လာဝယ်ရတာ။ မီးတွေကလည်း ဝင်းလို့၊ ဘာပစ္စည်းပဲဖြစ်ဖြစ် ဟံသာဝတီမှာ မရှိတာလို့ မရှိဘူးလေ၊ မြို့လိုပ နေရတာ သာယာတယ်။” လို့ မကြည်က မှတ်ချက်ပြုပါတယ်။

အဲဒီရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(USDP)နဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ပါတီထောက်ခံသူတွေရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက မဲရလဒ်အပြတ်အသတ်နဲ့ နိုင်ထားတဲ့ရွာဖြစ်တယ်လို့ အာဏာမသိမ်းခင်အထိ ဟံသာဝတီရွာမှာ ၅ နှစ်ဆက်တိုက် ဆယ်အိမ်မှုးလုပ်ခဲ့သူတဦးက ပြောပါတယ်။  

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုသပိတ်တွေ လုပ်ချိန်တုန်းကလည်း အင်တိုက်အားတိုက် လုပ်ခဲ့တဲ့ကျေးရွာတခု ဖြစ်ပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးစချိန် ၂၀၂၁ ဇူလိုင်လထဲမှာ ဟံသာဝတီရွာသားတချို့က ကျေးရွာရဲစခန်းကို တူမီးတွေနဲ့ ဝင်စီးဖို့ထိ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က လက်ဦးမှုယူကာ မောင်းပြန်သေနတ်ကိုင် စစ်သားတွေကို လုံခြုံရေးချထားခဲ့တာကြောင့် ကျေးရွာလူငယ်တချို့ရဲ့ ရဲစခန်းသိမ်းအစီအစဥ် ပျက်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ တူမီးကိုင်တဲ့ ရွာသားအများစုဟာ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့သူတွေကိုတော့ စစ်တပ်က လက်နက်နဲ့ ချိန်းခြောက်ပြီး ပျူစောထီးလုပ်ခိုင်းတာတွေ၊ ပျူစောထီးတပ်ဖွဲ့ထဲ မဝင်မနေရ ဖိအားပေးတာတွေကြောင့် ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်သွားခဲ့ကြတယ်လို့ ရွာကနေ ထွက်ပြေးခဲ့တဲ့ မကြည်က ရှင်းပြပါတယ်။ 

စိတ်ဆန္ဒအရ ပျူစောထီးလုပ်သူတွေနဲ့ စစ်တပ်ထောက်ခံသူတချို့လည်းရှိပေမယ့် အများစုကတော့ ကြောက်ရွံ့မှုတွေကြောင့် ပျူစောထီးဖြစ်ခဲ့ရတာလို့ သူက သုံးသပ်ပါတယ်။ 

တဖြည်းဖြည်းနဲ့ အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေများလာတဲ့အခါ ဟံသာဝတီရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၂ နှောင်းပိုင်းကစတင်ပြီး ဖြတ်တောက်ရေးတွေ လုပ်ခဲ့သလို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှာလည်း ကလေးမြို့နယ် ပအဖရဲ့ ညွှန်ကြားချက်နဲ့ တရားဝင်စာထုတ်ကာ ဖြတ်တောက်ရေးလုပ်ခဲ့ပါတယ်။ 

ဒီလိုဖြတ်တောက်ရာမှာ ပြင်ပက စားသောက်ကုန်နဲ့ အသုံးဆောင်တွေ ရွာထဲပို့ခွင့်မရှိသလို ရွာထဲက ပစ္စည်းတွေလည်း အပြင်ကို ရောင်းချခွင့်မရှိကြပါဘူး။ 

ဟံသာဝတီ-ဂန့်ဂေါလမ်းပိုင်းကို ဂန့်ဂေါမြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ထားပြီး ဟံသာဝတီ-ကလေးလမ်းပိုင်းကိုတော့ ကလေးကာကွယ်ရေးတပ်တွေက ပိတ်ထားတာလို့ ကလေးအခြေစိုက် ကာကွယ်ရေး တပ်ရင်းမှ ရဲဘော်တဦးက ပြောပါတယ်။ 

အဲဒီလို ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ခံလိုက်ရတာကြောင့် ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေမှာ ဆား၊ အချိုမှုန့်၊ ငပိ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆေးလိပ် စတဲ့လူသုံးကုန်နဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေအပြင် ဓာတ်ဆီ၊ ဒီဇယ်ဆီတွေလည်း ပြတ်လပ်ခဲ့တယ်လို့ မကြည်က ပြောပါတယ်။ 

အာဏာမသိမ်းခင်က စက်မှုလယ်ယာစံပြရွာအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဟံသာဝတီရွာဟာ အခုလို ပိတ်ဆို့ဖြတ်တောက်ခံရမှုကြောင့် စပါးကို မောင်းထောင်းစားရတာ၊ မြေပဲကို ကြိတ်ဆုံနဲ့ ကြိတ်စားရ တာမျိုးတွေဖြစ်လာပါတယ်။ 

ဆပ်ပြာမရှိတာကြောင့် အဝတ်စားတွေ လျှော်ချင်ရင် ပြာမှုန့်တွေကို ရေဖျော်ကာ အဝတ်စိမ်ပြီး လျှော်ကြရသလို၊ ကုက္ကိုလ်သီးမှည့်တွေ ကြွေကျရင်လည်း အလုအယက်ကောက်ကြကာ အသီးတွေကို ထုထောင်း ရေစိမ်ထားပြီး အဲ့ဒီရေတွေကို ဆပ်ပြာရည်အဖြစ် အသုံးပြုရတယ်လို့ ဆိုပါတယ်။ 

ရွာမှာရှိတဲ့ သက်ကြီးရွယ်အိုတွေက ရေနွေးသောက်စရာ လက်ဖက်ခြောက်မရှိတာကြောင့် ဖန်ခါးရွက်ကို အခြောက်လှမ်းကာ လက်ဖက်ခြောက် အစားထိုးအသုံးပြုရသလို ဆေးလိပ်သောက်ချင်ရင်လည်း သင်္ဘောရွက်ခြောက်ကို ချေကာ ဆေးရွက်ကြီးအဖြစ် အသုံးပြုကြရပါတယ်လို့လည်း မကြည်က ပြောပါတယ်။

ရွာထဲမှာ အသား(ဝက်သား)ပေါ်လို့ ရောင်းချချိန်မှာလည်း ရွာသားအများစုက ဝင်ငွေမရှိတဲ့အတွက် ဝယ်မစားနိုင်ကြဘဲ စပါးနဲ့ အသားလဲစားတာ၊ ကိုယ့်အိမ်မှာ ဝက်ပေါ်ရင် တပိဿာပေး သူ့အိမ်မှာ ဝက်ပြန်ပေါ်ချိန် တပိဿာပြန်ပေး စတဲ့ပစ္စည်းဖလှယ်စနစ်နဲ့ လည်ပတ်နေကြတယ်လို့ သူက ဆိုပါတယ်။

ဟံသာဝတီကျေးရွာက လက်နက်ကိုင်ပျူစောထီး ရွာခံအမျိုးသားတဦးရဲ့ ပြောကြားချက်အရ ဆား ၁ ပိသာကို ကျပ် ၂ သိန်း၊ ဓာတ်ဆီ၊ ဒီဇယ် ရေသန့်ဘူး ၁ ဘူးကို ကျပ် ၁ သိန်းအထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။ 

“စားဝတ်နေရေးကတော့ အင်မတန်မှ ကျပ်တည်းပါတယ်” လို့ သူက အတည်ပြုပါတယ်။ 

စစ်ကောင်စီက ထောက်ပံ့ပေးတဲ့ရိက္ခာကို ချွေတာစားသောက်ရင် လုံ‌လောက်မှုရှိတယ်လို့လည်း သူက အခုလို ထပ်ပြောပါတယ်။

“စစ်လက်နက်နှင့် စားသောက်ကုန်တွေ ချပေးပါတယ်။ ချွေတာစားရင်တော့ လောက်ပါတယ်ဗျ။ ငွေလည်းထောက်ပံ့ပေးပါတယ်။” လို့ ဟံသာဝတီရွာက ပျူစောထီးတဦးက စစ်တပ်ရဲ့ ထောက်ပံ့ပေးမှုကို ပြောပြပါတယ်။

စစ်တပ်က ထောက်ပံ့တယ်ဆိုတဲ့ ငွေပမာဏကိုတော့ သူကထည့်မပြောပြပါဘူး။

စစ်တပ်ရဲ့ထောက်ပံ့မှုတွေကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ မကြည်ကတော့ စစ်တပ်ရဲ့ထောက်ပံ့မှုဟာ လောက်ငှမှုမရှိဘူးလို့ ဆိုပါတယ်။

ဟံသာဝတီရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေထံ ရိက္ခာပို့ချင်တဲ့အခါ စစ်တပ်က ရဟတ်ယာဥ်နဲ့သာ ပို့ဆောင်လေ့ရှိပါတယ်။ ဒီလိုပို့ဆောင်ရာမှာ ပုံမှန်ပို့တာမျိုးမဟုတ်ဘဲ ၁ လ ၁ ခါ၊ ဒါမှမဟုတ် ၂ လ ၁ ခါသာ ပို့ပြီး ၁ ရက်တည်း ၂ ခေါက်၊ ၃ ခေါက်ပို့တာမျိုးဖြစ်တယ်လို့ မကြည်က ရှင်းပြပါတယ်။ 

အဲဒီလိုပို့တဲ့ရက် ရွာသားတွေကို ရိက္ခာဝေလေ့ရှိပြီး ဝေချိန်မှာလည်း မိသားစု ၁ စုကို ဆား ယောက်ချိုဇွန်းနဲ့ ၁ ဇွန်း၊ ငပိ လောက်စလုံးအရွယ် ၁ လုံး၊ ဆပ်ပြာ ၁ ခဲသာရတယ်လို့ မကြည်က ပြောပါတယ်။ 

အဲဒီအခြေခံစားသောက်ကုန်တွေကို ဟံသာဝတီကျေးရွာထဲက ပျူစောထီးတပ်ဖွဲ့ဝင် မိသားစုတွေ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေမှာ ရောင်းချပေမယ့် အပြင်ပေါက်ဈေးထက် ၅ ဆကျော်များတာကြောင့် ဝယ်စားနိုင်သူ ရှားတယ်လို့ သူက ဆက်ပြောပါတယ်။

ဟံသာဝတီရွာကနေ မကြည်တို့ မိသားစု စွန့်ခွာမထွက်ပြေးမီ မတ်လ ၁၂ ရက်မှာ ရွာဓလေ့အရ တပေါင်းလပွဲတော် အမေရေယာဉ်နတ်တင်ပွဲရှိတဲ့အတွက် စစ်ကောင်စီက ၁ အိမ်ကို ထန်းလျက် ၁ ခဲစီ ဝေခဲ့ပါတယ်။ 

“မိသားစု ၃ ယောက်ရှိတာ ၁ ယောက် ၁ ကိုက်၊ ၃ ကိုက် ကိုက်ပြီး စားမိတယ်ရှိရှိ စားရအောင်ကွယ်လို့၊ ထန်းလျက်လေး ၁ လုံးကို တယောက် ၁ ကိုက်စားကြရတာ။” လို့ အစားအသောက်ရှားပါးတဲ့အတွက် ၂ နှစ်ကျော် ကြာကာလအတွင်း ပထမဆုံးအကြိမ် ထန်းလျက်ခဲစားခဲ့ရတဲ့အဖြစ်ကို မကြည်က ပြောပြပါတယ်။ 

သာမန်အချိန်မှာ တန်ဖိုးမများလှတဲ့ ထန်းလျက်ခဲဟာ လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ အားကောင်းရာ ဟံသာဝတီကျေးရွာမှာတော့ ထန်းလျက်ခဲ ၁ လုံးကို ၁,၀၀၀ ကျပ်ကနေ ကျပ် ၁,၅၀၀ အထိ ဈေးပေါက်တယ်လို့ သူက ဆိုပါတယ်။ 

အထက်ပါ ထန်းလျက်ခဲဈေးနှုန်းဟာ ၂၀၂၁ ခုနှစ်က ထန်းလျက် ၁ ပိသာ ၁၅၀၀ -၂၀၀၀ ကျပ်နှုန်းနဲ့ ညီမျှနေတာကို တွေ့ရပါတယ်။ 

အခုလို ကုန်ပစ္စည်းတွေ ဈေးကြီးပြီး စားသောက်စရာရှားပါးပြတ်လတ်နေတာဟာ ဟံသာဝတီကျေးရွာ အပါအဝင် ဂန့်ဂေါမြောက်ပိုင်းက ကုက္ကား၊ မြောက်ခင်ရမ်း၊ ရွှေမြစ်သာ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ ဝင်ဝနဲ့ ကလေးတောင်ပိုင်းက ကြံသာ၊ မှန်တော၊ ကျောက်ဆည်၊ ကျောက်ပြုတ်၊ အင်းကျွန်း စတဲ့ ကလေးနဲ့ ဂန့်ဂေါအစပ်မှာ နယ်မြေတဆက်တည်း တည်ရှိနေကြတဲ့ ပျူစောထီးရွာ ၁၂ ရွာမှာလည်း ကြုံတွေ့နေရတာလို့ ကလေးဒေသ PDF တပ်ရင်းတွေနဲ့နီးစပ်တဲ့ ထောက်ပို့ပြည်သူတဦးက ပြောပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေ ရိက္ခာပိတ်ဆို့ဖြတ်တောက်ထားတဲ့ အဲဒီရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ မသိအောင် ပစ္စည်းရောင်းကြသူတွေလည်း ရှိကြပါသေးတယ်။ 

သူတို့ဟာ ဆိုင်ကယ်နဲ့ ရွာစဉ်လှည့်ပြီး ဈေးရောင်းတဲ့အခါမှာ ပျူစောထီးတွေထံက ပစ္စည်းတွေကို ပြန်လည်ဝယ်ယူတာ၊ ငပိ၊ ဆား၊ ဟင်းချိုမှုန့်တွေနဲ့ လဲလှယ်ရောင်းချတာတွေ ပြုလုပ်တတ်ကြပါတယ်။ 

ဒါကြောင့် Chinland Defense Force - Kalay Kabaw Gangaw အဖွဲ့က အဲဒီနယ်လှည့် ရိက္ခာရောင်းချသူတွေကို ဖမ်းဆီးခဲ့ရာမှာ ပြီးခဲ့တဲ့ ဩဂုတ် ဒုတိယပတ်အတွင်း ပျူစောထီးရွာဆီ ရိက္ခာခိုးပို့သူ ၅၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီလိုဖမ်းဆီးနိုင်တာတွေကြောင့် ပျူစောထီးရွာတွေကို ပစ္စည်းလှည့်လည်ရောင်းချသူတွေ မရှိတောဘူးလို့ Ranger Kalay Defend Force- RKDF တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တဦး ပြောပါတယ်။ 

စစ်ကောင်စီအနေနဲ့ အညာဒေသက သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေအတွက် ရိက္ခာ၊ လက်နက်ခဲယမ်း တွေကို Y 8 လေယာဉ်ပေါ်ကနေ လေထီးနဲ့ချပေးတဲ့နည်းလမ်းတွေကို အသုံးပြုပြီးတော့လည်း ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်ပေးကြပါတယ်။ 

ပုံစာ - မြိုင်မြို့နယ် သရက်ကွပျူစောထီးကျေးရွာထံ လေယာဥ်နှင့်လာပို့သည့် ရိက္ခာပစ္စည်းများကိုကာကွယ်ရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိစဉ်။
ပုံစာ - မြိုင်မြို့နယ် သရက်ကွပျူစောထီးကျေးရွာထံ လေယာဥ်နှင့်လာပို့သည့် ရိက္ခာပစ္စည်းများကိုကာကွယ်ရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိစဉ်။

ဒါပေမဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းရဲ့ဒေသအများစုဟာ တော်လှန်ရေးတပ်ဖွဲ့တွေကသာ စိုးမိုးထားတာကြောင့် စစ်ကောင်စီက လေထီနဲ့ချပေးလိုက်တဲ့ ရိက္ခာတွေဟာ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေလက်ထဲ ရောက်ရှိသွားတာမျိုးတွေလည်း ရှိပါတယ်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ ဇီးဖြူကုန်းရွာကို အောက်တိုဘာ ၁၈ ရက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ရိက္ခာထုပ် ၂ ထုပ်ချပေးရာ အဲဒီရိက္ခာထုပ်ကို တော်လှန်ရေးအဖွဲ့တွေက ရရှိခဲ့ပါ တယ်။ 

အဲဒီအထုပ်တွေထဲမှာ ဆန် ၂၄ ပြည်ခန့်ပါရှိပြီး ဆန်တွေဟာ ပိုးထိုးနေတဲ့ ဆန်ညံ့တွေဖြစ်တယ်လို့ Eagle Wings Drone Force အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။ 

စက်တင်ဘာ ၂၉ ရက်ကလည်း အင်းမထီးပျူရွာကို အခုလိုရိက္ခာထုပ်တွေ လာချပေးဖူးတယ်လို့ သူကပြောပါတယ်။ 

ပုံစာ - မြိုင်မြို့နယ် သရက်ကွပျူစောထီးကျေးရွာထံ လေယာဥ်နှင့်လာပို့သည့် ရိက္ခာပစ္စည်းများကိုကာကွယ်ရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိစဉ်။
ပုံစာ - မြိုင်မြို့နယ် သရက်ကွပျူစောထီးကျေးရွာထံ လေယာဥ်နှင့်လာပို့သည့် ရိက္ခာပစ္စည်းများကိုကာကွယ်ရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိစဉ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့် ပေါက်မြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေလည်း စားသောက်ရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ပေါက်မြို့နယ်၊ သစ်ချိုကုန်း ပျူစောထီးရွာက ထွက်ပြေးလာတဲ့ ကိုဖိုးနောင်က စားသောက်ရေးကျပ်တည်းပုံကို အခုလိုပြောပါတယ်။ 

“ပဲစေ့ပြုတ်စားတဲ့နေ့လည်း စားရတယ်။ ဆန်လေးဘာလေး ရှာလို့ရရင်လည်း ဆန်လေး စားရတယ်။ ပြတ်တောက် ပြတ်တောက်ပေါ့။ ဆန်ရှိတဲ့ အိမ်လေးတွေ အငှားရမ်းလေးတွေလိုက်၊ ဆန်လေး ၁ ပြည်ပေး ၁ ခွက်ပေးပေ့ါ၊ အဲ့လိုမျိုးလေးတွေနဲ့ စားသောက်ရတာ။”

ငတ်ပြတ်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံးမှာ ကိုဖိုးနောင်တို့ မိသားစု ၃ ယောက်ဟာ အခုနှစ်အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမှာ အဝတ်အစားနဲ့ အသုံးအဆောင်တချို့ကို တနိုင်ထုတ်၊ ၂ နှစ်အရွယ် သမီးငယ်ကို ချီပိုးပြီး တောထဲသွားမယ့်ပုံစံမျိုးနဲ့ သစ်ချိုကုန်းရွာကနေ ကာကွယ်ရေးတပ်တွေရှိရာဆီ ထွက်လာခဲ့တာပါ။ 

သူတို့မိသားစု ရွာမှာနေစဥ်က ဆား၊ ဟင်းချိုမှုန့်၊ ငပိနဲ့ အခြေခံစားသောက်ကုန်တွေ မရှိသလို ကုလားပဲ၊ ပြောင်းဖူး၊ ပဲစဉ်းငုံ စတာတွေကို ဆန်အစားထိုး ပြုတ်စားရတဲ့ မိသားစုတွေလည်း မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 

စားစရာဆန်မရှိတဲ့ မိသားစုတွေဟာ ပတ်ဝန်းကျင် ပျူစောထီးရွာတွေဆီမှာ ရရာအလုပ်ကြမ်း အငှားလိုက်လုပ်ကာ လုပ်အားခအဖြစ်ရတဲ့ ဆန်တချို့ကို ချက်ပြုတ်စားသောက်ရတယ်လို့ ကိုဖိုးနောင်က ဆိုပါတယ်။ 

ပျူစောထီးအားကောင်းတဲ့ သစ်ချိုကုန်းရွာကို တော်လှန်ရေး တပ်ဖွဲ့တွေက ၂၀၂၃ ဩဂုတ်လမှာ ရိက္ခာဖြတ် တောက်မှုတွေ စတင်ပြုလုပ်ခဲ့ကြတာပါ။ 

ဒီလိုစားသောက်ရေးကျပ်တည်းလာတာကြောင့် ပျူစောထီးရွာတွေက ထွက်ပြေးလာတဲ့သူတွေထဲမှာ ရွာခံပြည်သူတွေအပြင် ပျူစောထီးတပ်ဖွဲ့ဝင်တွေကိုယ်တိုင်လည်း ပါကြပါတယ်။ 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာက ပျူစောထီးတဦးဟာ အောက်တိုဘာ ၄ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ပါတယ်။

အဲဒီပျူစောထီးရဲ့ ထွက်ဆိုချက်အရ ဇီးပြားရွာမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး ၆၀ ကျော်ရှိပြီး ရွာထဲမှာ ရိက္ခာပြတ်လပ်နေတာကြောင့် စစ်ကောင်စီဘက်က Y 12 လေယာဉ်နဲ့ ရိက္ခာပို့ပေးနေရတယ်လို့ ဆိုပါတယ်။

“ဒီကောင်တွေက ငတ်နေလို့ ပြေးချင်နေတာကြာပြီ၊ အခုအခွင့်သာလို့ သေနတ်ပါယူလာပြီး ပြေးလာတာ။ သူတို့ ရွာထဲမှာငတ်နေလို့ ဝင်ချင်တဲ့သူတွေ များတယ်။” လို့ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်လက်ယာက ပြောပါတယ်။

ပုံစာ - ABSDF Column 3 ထံသို့ ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစောထီးကျေးရွာမှ ပျူစောထီး ၁ ဦးအလင်းဝင်လာစဉ်။
ပုံစာ - ABSDF Column 3 ထံသို့ ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစောထီးကျေးရွာမှ ပျူစောထီး ၁ ဦးအလင်းဝင်လာစဉ်။

အဲဒီရွာထဲမှာ နောက်ထပ်အလင်းဝင်ချင်တဲ့ ပျူစောထီးတွေလည်းရှိနေပြီး အခွင့်မသာတဲ့အတွက် ထွက်မပြေးကြသေးတာလို့ အလင်းဝင်လာတဲ့ပျူစောထီးရဲ့ပြောပြချက်ကို ဗိုလ်လက်ယာက မြေလတ်အသံကို ပြန်ပြောပါတယ်။

ဇီးပြားရွာကနေ မြိုင်မြို့နယ်ပကဖထံ အလင်းဝင်လာသူ ပျူစောထီးနဲ့ ထွက်ပြေးလာသူ စုစုပေါင်းဟာ ဒီနေ့အထိ ၄၀ ဦးအထိရှိပြီလို့ သိရပါတယ်။ 

အခုနှစ် ဇူလိုင် ၉ ရက်ကလည်း ပေါက်မြို့နယ်၊ တရော်ကိုင်းရွာ(ပျူစောထီးရွာ)ကနေ ကလေး ၄ ဦး အပါအဝင် ပြည်သူ ၁၀ ဦးဟာ မြိုင်မြို့နယ်ပကဖထံ ထွက်ပြေးခိုလှုံခဲ့ပါသေးတယ်။ 

သူတို့ထွက်ပြေးလာကြတဲ့အဓိက အချက်ဟာ ရွာထဲမှာ အစာရေစာပြတ်လပ်လာတာကြောင့်လို့ မြိုင်ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

“ထမင်း မစားရတာလည်းကြာပြီ။ ပဲပြုတ်တွေနဲ့ပဲ စားနေရတာ။” လို့ ထွက်ပြေးလာသူတွေရဲ့ အခြေအနေကို ဗိုလ်လက်ယာက ပြန်ပြောပြပါတယ်။ 

တရော်ကိုင်းကျေးရွာမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၁၀၀ ကျော်ရှိပြီး ဒေသခံတွေကိုလည်း ကျေးရွာအတွင်း အလှည့်ကျကင်းစောင့်ခိုင်းတာတွေ ခိုင်းစေတယ်လို့ ဆိုပါတယ်။ 

တရော်ကိုင်းရွာကနေ မြိုင်မြို့နယ်ပကဖထံ ထွက်ပြေးခိုလှုံလာသူဟာ ဒီနေ့အထိ ၁၈ ဦးအထိရှိတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေကနေ မြိုင်မြို့နယ်ပကဖထံ ခိုလှုံဝင်ရောက်လာသူ စုစုပေါင်းဟာ အခုဆိုရင် ၃၀၀ ခန့်ရှိနေပြီလို့ သူက ဆက်ပြောပါတယ်။ အဲဒီအထဲမှာ ရွာခံပြည်သူတွေပါသလို လက်နက်ကိုင် ပျူစောထီးတပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

အခုလို ထွက်ပြေးလာတဲ့သူတွေထဲမှာ နေရပ်ပြန်လိုပါက လမ်းစရိတ်နဲ့ ထောက်ပံ့ငွေပေးပြီး နေရပ်ပြန်ခိုင်းတာရှိသလို တချို့ကိုလည်း သက်ဆိုင်ရာမြို့နယ်ပကဖတွေထံ လွှဲပြောင်းပေးရတာလည်းရှိတယ်လို့ သိရပါတယ်။

ပုံစာ -  ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဇီးဖြူကုန်း‌ပျူစောထီးကျေးရွာမှ မိသားစု ၂ စု ခိုလှုံလာစဉ်။
ပုံစာ -  ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဇီးဖြူကုန်း‌ပျူစောထီးကျေးရွာမှ မိသားစု ၂ စု ခိုလှုံလာစဉ်။

“လက်နက်ကိုင်မဟုတ်တဲ့ ထွက်လာတဲ့သူတွေကိုတော့ စစ်ဆေးမေးမြန်းပြီးရင် သူတို့သွားချင်တဲ့နေရာရှိရင် ပို့ဆောင်ပေးတယ်။ နေရာမရှိတဲ့သူဆိုရင် နေထိုင်ဖို့၊ စားသောက်ဖို့ စီစဥ်ပေးရတာတွေလည်းရှိတာပေါ့။” လို့ ဗိုလ်လက်ယာ ဆက်ရှင်းပြတယ်။

နေရပ်ပြန်စရာမရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေဖြစ်ပါက လုံခြုံရေးနဲ့ တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားရတယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ပျူစောထီးအားကောင်းတဲ့ အင်းမထီးရွာနဲ့ ဇီးဖြူကုန်ရွာကနေ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံလာသူဟာ ၃ နှစ်ကျော်ကာလအတွင်း စုစုပေါင်း ၈၀ ကျော်ရှိသွားပြီလို့ ပုလဲမြို့နယ်ပအဖရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။  

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအားကောင်းတဲ့ကျေးရွာတွေကို အခုလို ပိတ်ဆို့ထားတဲ့အတွက် တဖက်ရန်သူရဲ့ တပ်ဖွဲ့ဝင်တွေ ဘက်ကူးပြောင်းလာစေတာ၊ ရန်သူတပ်ဖွဲ့ဝင် အင်အားချိနဲ့လာစေတာ၊ ရန်သူအင်အား ထပ်တိုးမလာစေတာ စတာတွေကြောင့် အခုလို ပိတ်ဆို့ထားတာဖြစ်တယ်လို့ ကလေးမြို့နယ် တောင်ပိုင်းအခြေစိုက် တပ်ရင်းတခုရဲ့ ရဲဘော်တဦးက ပြောပါတယ်။ 

“ရန်သူ့အင်အား လျော့နည်းလာစေတာ၊ အထူးသဖြင့် သူတို့စိတ်ဓာတ်ကျဆင်းအောင် အများကြီးသက်ရောက်မှုရှိစေတယ်။” လို့ သူက ဆက်ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို အခုလို ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် အနီးနားက ကျေးရွာတွေကို မီးရှို့တာ၊ ဒုက္ခပေးတာမျိုးတွေကို ကာကွယ်နိုင်သလို အနီးအနားရွာက ပြည်သူတွေလည်း လွတ်လပ်စွာသွားလာနိုင်ပြီး တောင်ယာလုပ်ငန်းတွေကိုလည်း လုပ်ခွင့်ရတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဒါကြောင့်လည်း စစ်ကောင်စီနဲ့ ပျူစောထီးရှိတဲ့ကျေးရွာတွေကို ဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်ထားရပြီး အမြဲတမ်း အဆင်သင့်ဝိုင်းထားရတယ်လို့ သူက ဆက်ပြောပါတယ်။ 

ရွာသားတွေနဲ့ တပ်ဖွဲ့ဝင်တွေ ထွက်ခွာတာများလာတဲ့အတွက် စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဘက်က လည်း ရွာကထွက်သွားတော့မယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ လုပ်ဆောင်လာပြီး တခြားရွာတွေနဲ့ ဖုန်းအဆက်သွယ်လုပ်မိရုံနဲ့ ဖမ်းဆီးရိုက်နှက်တာတွေထိ လုပ်လာတယ်လို့ မကြည် က ဆိုပါတယ်။ 

ဟံသာဝတီရွာက ရွာခံတွေအနေနဲ့ လယ်စိုက်၊ ထင်းရှာစတဲ့ ရွာပြင်ပ(တောထဲ)ကို သွားချင်တဲ့အခါမျိုးဆို ဆယ်အိမ်မှူး၊ ရာအိမ်မှူး ခွင့်ပြုချက်လက်မှတ်ယူပြီးမှ ထွက်ရတာမျိုးတွေ လုပ်လာရပါတယ်။ 

“ကျမညီမဆို ပစ္စည်းတွေရောင်းတော့ ရိပ်မိပြီး ဖမ်းခံရတယ်။ နောက်ထပ်လူတွေမသွားရဲအောင် ဖမ်းပြီးမှ ပိုက်ဆံတောင်းတယ်။ အခုဆိုရင် ၅ ယောက် အရိုက်ခံရတယ်တဲ့၊ ဒီဘက်ကို ဖုန်းဆက်လို့ ဆိုပြီးမှ၊ ထဘီတွေ တောင်ပြဲလို့။ ဒီဘက်ကို ဖုန်းလည်းမဆက်ရဲအောင် နောက်ပြီးခါ သွားလည်း မသွားရဲအောင် အမျိုးမျိုးခြောက်တာ။” လို့ မကြည် က ဆိုပါတယ်။ 

သူတို့မိသားစုကတော့ ပျူစောထီးတွေစိုးမိုးတဲ့ ဟံသာဝတီကျေးရွာက လွတ်မြောက်ခဲ့တာဟာ အခုဆိုရင် ၆ လကျော် ကြာခဲ့ပါပြီ။ အဲဒီရွာက လွတ်မြောက်ခဲ့တာဟာ အမှောင်ထဲကနေ အပြင်ဘက်ကို ထွက်လိုက်ရသလို လွတ်လပ်ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဟံသာဝတီရွာမှာနေခဲ့ရတာနဲ့ လက်ရှိ အစားအသောက်မှန်ပြီးစိတ်ချမ်းသာနေတာကြောင့် ဝဝဖြိုးဖြိုးဖြစ်လာတဲ့အခြေအနေကို မကြည်က အခုလို ပြောပါတယ်။

“လာခဲ့တုန်းကဆို မဲမဲပိန်ပိန်လေးတွေတဲ့၊ အခုတော့ ကျမတို့မှာ အင်္ကျီတွေတောင် မဆံ့တော့ဘူး”

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #ပျူစောထီး #စားဝတ်နေရေး #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10