အင်းတော်မြို့သိမ်းတိုက်ပွဲမှာ မြို့မရဲစခန်းအပါ တပ်စခန်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ မြို့မရဲစခန်းအပါ တပ်စခန်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဩဂုတ် ၂၄ ရက်မှာ နယ်မြေရှင်းလင်းရေး ဝင်ရောက်နိုင်ခဲ့ကြတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၆ ရက်မှာ အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကာ တိုက်ပွဲဖြစ်ပြီး မကြာခင်မှာပဲ ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေက အင်းတော်စစ်တပ်ကုန်းလို့ခေါ်တဲ့ ဂျပန်ဆေးရုံဟောင်းရှိရာကို ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

“စတိုက်တုန်းက ရဲစခန်းထဲမှာ ရှိနေသေးတယ်။ ဘန်ကာတွေ အခိုင်အမာဆောက်ထားတော့ နည်းနည်းကြာသွားတာ။ ရှင်းလင်းရေးကတော့ သူတို့ဆုတ်သွားမှ ဝင်ကြတာ။ အထဲမှာတော့ လေယာဉ် ဗုံးနဲ့ Drop ဗုံးကြောင့် တော်တော်များများ ပျက်စီးသွားပြီ၊ ရှင်းလင်းရေးလုပ်ပြီး ရဲစခန်းတခုလုံးတော့ မီးရှို့ထားတယ်။” လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

စခန်းစွန့်ခွာချိန် အချုပ်သားတွေကို ရဲစခန်းထဲမှာပဲ ထားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပြီး ၈ ရက်အကြာ ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးဝင်ချိန်မှ ကယ်ထုတ်ခဲ့ရပြီး အဆိုပါ အချုပ်သားတွေဟာ စစ်ကောင်စီဂိတ်မှာ မသင်္ကာမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေဖြစ်နိုင်တယ်လို့ မြေပြင်နဲ့နီးစပ်တဲ့ ဒေသခံတဦးက ဆိုပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီဘက်က လေကြောင်းနေ့စဥ်သုံးကာ ခုခံနေတယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ရက်တွေဆို ဗုံးအလုံး ၈၀ ကျော်အထိ ကြဲချပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။ 

“လေယာဉ်လည်း တရက်ကို ၂/၃ ခေါက်လောက် နေ့တိုင်းနီးပါး လာချနေတာ၊ မြို့ထဲက အိမ်တွေလည်း တော်တော်များများ ပျက်စီးကုန်ပြီ၊ တိုက်ပွဲပြင်းတဲ့နေ့ဆိုရင်တော့ရှိတယ်၊ ပစ္စည်းလာပို့တဲ့ ရက်တွေဆို Y-12/Y-8/Jet အကုန်လာတာ။” လို့ ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်) ABSDF၊ KIA နဲ့ နယ်မြေခံတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်နေတာလို့ သိရပါတယ်။ 

အင်းတော်မြို့နယ်နဲ့ တောလမ်းအတိုင်းဆို ၂ မိုင်၊ ကားလမ်းအတိုင်းဆို ၆ မိုင် ကွာဝေးတဲ့ နဘားလမ်းဆုံက စစ်ကောင်စီစခန်းနဲ့ နဘားရွာအဝင် ဂိတ်စခန်းတို့ကို ဩဂုတ် ၁၆ မှာ သိမ်းခဲ့ပြီး နဘားဘုန်းကြီးကျောင်းက စစ်ကောင်စီစခန်းကိုတော့ ဩဂုတ် ၁၇ မှာ သိမ်းနိုင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နဲ့ ၁၈ ရက်မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့  လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် တာတွေကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတဦးနဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော် #မြို့မရဲစခန်း #PDF #မြို့သိမ်းတိုက်ပွဲ #အင်းတော်စစ်တပ်ကုန်း #ဂျပန်ဆေးရုံဟောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10