အင်းတော်မှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ကျော်ထဲက ၂ဦးသေဆုံး

အင်းတော်မှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ကျော်ထဲက ၂ဦးသေဆုံး

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ အင်းတော်မြို့အရှေ့မြောက်ဘက်ရှိ မြို့မဘုန်းကြီးကျောင်းဝန်းအတွင်းက စစ်ရှောင်ပြည်သူ ၁,၀၀၀ ကျော်ကို စစ်တပ်က ထွက်ခွာခွင့်မပေးတာကြောင့် ပိတ်မိနေပြီး အဲ့ဒီထဲကမှ ပြည်သူ ၂ ဦး သေဆုံးမှုရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 အင်းတော်မြို့ခံတွေဟာ မြို့သိမ်းတိုက်ပွဲစတင်တဲ့ ဩဂုတ် ၁၆ရက်ကနေ ဒီကနေ့ထိ မြို့မဘုန်းကြီးကျောင်းထဲက ဘိုးဘွားရိပ်သာ၊ သရက်ကျောင်း ဆောင်၊ အင်းတော်မြို့မပရိယတ္တိစာသင်တိုက်တွေမှာ ပိတ်မိနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဘုန်းကြီးကျောင်းတွေကနေထွက်ပြေးဖို့ကြိုးစားရင် PDFနဲ့မှားယွင်းပစ်ခတ်မိနိုင်တယ်လို့ စစ်တပ်က ခြိမ်းခြောက်ပြောဆိုထားလို့ ပြည်သူတွေအနေနဲ့ မထွက်ခွာရဲကြဘူး။ ထွက်ပြေးရင်း ပြန်ဖမ်းမိသူတွေဆိုလည်း ဘုန်းကြီးကျောင်းတွေကို ပြန်ပို့တယ်” လို့ မြို့အခြေအနေသိရှိတဲ့ ပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာ ၁ ရက်မှာ စစ်ရှောင်ပြည်သူတွေခိုလှုံနေရာ အဆိုပါဘုန်းကြီးကျောင်းအနီးကို လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသား ၁ ဦး ဗုံးစထိမှန်ခဲ့ရာ ဆေးကုသမှုမရလို့ သေဆုံးခဲ့ကာ အလောင်းတွေကိုတော့ ကိုရင်တွေဦးဆောင်ပြီး ဘုန်းကြီးကျောင်းဝန်းထဲမှာ မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

“ ဗုံးကျလို့ ကလေးလေးတွေမှာ အစတွေမှန်၊ ကျောမှာရော အကြီးကြီးပဲ၊ ခြေထောက်တွေကွဲတာကကွဲ၊ ခြေထောက်တွေမွသွားတဲ့ သူဆိုလည်း ဘာဆေးမှကုခွင့်မရဘူး။ ပြည်သူအချင်းချင်းပတ်တီးစီးပြီး ဆေးဝါရည်(အနာကျက်ဆေး)ထည့်ပေးထားရတာ။” လို့ အထက်ပါသတင်းရင်းမြစ်က  ပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်သားတွေက အင်းတော်မြို့မရဲစခန်းမှာတပ်စွဲနေတာဖြစ်ပြီး  ဩဂုတ် ၂၄ ရက်က ရဲစခန်းသိမ်းပိုက်ခံခဲ့ရပြီးတဲ့နောက် ပြည်သူတွေတိမ်းရှောင်နေတဲ့ ဘုန်းကြီးကျောင်းဆောင်တွေဆီ  စစ်ကောင်စီတပ်သားတွေရောက်ရှိလာကာ စစ်ရှောင်ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ အသုံးချနေတာလို့ ဆိုပါတယ်။

ပြည်သူ ၁၀၀၀ ကျော်ဟာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတာ ၁၉ရက်ခန့် ရှိပြီဖြစ်ပြီး ရိက္ခာပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီတပ်က အမျိုးသားတချို့ကိုခေါ်ကာ မြို့ပေါ် လူမရှိတဲ့ အိမ်တွေထဲကနေ ဆန်နဲ့ရိက္ခာတွေ  သယ်ခိုင်းနေတယ်လို့လည်း ဆိုပါတယ်။

“ဟင်းချက်ဖို့ ရေတောင် မနည်း၊ ထမင်း တဇလုံ ၃ ယောက်စားရတယ်၊ ဘုန်းကြီးတောင်မှ ၃ရက်လောက် ဆန်ပြုတ်ဘုန်းပေးရတယ်။“လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရှောင်တွေခိုလှုံနေတဲ့ဘုန်းကြီးကျောင်းအပြင် မိုင်ဝက်ခန့်အကွာရှိ ကုန်းတခုမှာတပ်စွဲထားပြီး အဆိုပါနေရာ ၂ ခုဟာ အင်းတော်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နောက်ဆုံးနေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်း သား တပ်မတော်) ABSDF၊ KIA နဲ့ နယ်မြေခံ တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ကာကွယ်ရေးတပ်တွေဘက်က ဩဂုတ် ဒုတိယပတ်မှာ အင်းတော်မြို့နယ်နဲ့ ကားလမ်းအတိုင်းဆို ၆ မိုင် ကွာဝေးတဲ့ နဘားလမ်းဆုံစခန်း၊ နဘားရွာအဝင်စခန်း၊ နဘားဘုန်းကြီးကျောင်းစခန်းတို့ကို သိမ်းပိုက်ခဲ့ပြီး ဩဂုတ်တတိယပတ်မှာ အင်းတော်မြို့မရဲစခန်းကို သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10