အညာဒေသက တပ်ရင်းတပ်ဖွဲ့  ၆ ဖွဲ့ ပေါင်းပြီး "ခွန်အားမျှပါ" သိန်း ၅၀၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

 

အညာ‌ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရဲဘော်တွေဟာ အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ ခွန်အားဖြည့်စေဖို့  ခွန်အားမျှပါ သိန်း ၅၀၀၀ ကမ်ပိန်းကို ပြုလုပ်နေပါတယ်။

ဒီကမ်ပိန်းကို စစ်ကိုင်းတိုင်းအတွင်းမှာ အခြေစိုက်ထားတဲ့ တပ်ရင်း တပ်ဖွဲ့  ၆ ဖွဲ့ပေါင်းကာ ပြုလုပ်တာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွေကို အတူတူဖော်ဆောင်နိုင်ဖို့အတွက် အခုလို တပ်ရင်းတပ်ဖွဲ့ ၆ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ကြတာဖြစ်တယ်လို့ ကမ်ပိန်း ပြုလုပ်ရာမှာ ပါဝင်တဲ့ Triple- R ရဲ့  တာဝန်ခံ ရဲဘော် ရာမ က ပြောပါတယ်။

ကမ်ပိန်းမှာ ယင်းမာပင်ခရိုင်  တပ်ရင်း ၃၀ (ADPRA)၊  ပုံတောင် Tiger PDF၊ Triple- R၊ Eagle Wings Drone Force၊ ဒေါင်းတမန် လေကြောင်းစစ်ဆင်ရေးအဖွဲ့နဲ့  မုံရွာခရိုင် အမှတ် ၅ တပ်ရင်းတို့ပါဝင်ပြီး အဲဒီအဖွဲ့တွေမှာ လက်နက်ခဲယမ်းတွေ လိုအပ်မှုရှိသလို ရဲမေတွေ နေစရာအတွက်ပါ အခက်အခဲတွေ ကြုံနေတယ်လို့ Triple- R ရဲ့ ဆေးတပ်သား မနွေဦးက ပြောပါတယ်။

အဲဒီတပ်ဖွဲ့တွေဟာ လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအတွင်းက မုံရွာ၊ ကနီ၊ ပုလဲ၊  ဒီပဲယင်းနဲ့ ရွှေဘို စတဲ့ မြို့နယ်တွေမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ တပ်ရင်းတပ်ဖွဲ့တွေများတဲ့အတွက် တပ်ဖွဲ့တိုင်းက ရပ်တည်ရေးနဲ့ လက်နက်ပိုင်းမှာ လိုအပ်ချက်တွေများနေသလို ဒေသခံတွေမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုး ရွာတွေကိုမီးရှို့ဖျက်ဆီးတာခံထားရတဲ့အတွက် မြေပြင်က တပ်ဖွဲ့တွေကို ကူညီမှုမပေးနိုင်ဘူးလို့ ဆိုကြပါတယ်။

ကမ်ပိန်းပါ တပ်ဖွဲ့ ၆ ဖွဲ့ဟာ တော်လှန်ရေး ၃ နှစ်တာကာမှာ တပ်ဖွဲ့တွေ ရပ်တည်နိုင်ရေးအတွက် ဖြစ်သလိုနေ ဖြစ်သလို စားသောက်နေခဲ့ကြပြီး အခုလို တိုက်ပွဲတွေအရှိန်မြှင့်လာတာအခါမှာ ရဲဘော်တွေနေရေး စားရေးထက် တပ်ဖွဲ့တကယ်လိုအပ်နေတဲ့ လက်နက်ခဲယမ်းနဲ့  နည်းပညာဆိုင်ရာတွေကို ဖြည့်တင်းသွားနိုင်ဖို့ ဒီကမ်ပိန်းကနေ မျှော်မှန်းထားကြတယ်လို့ ဆိုကြပါတယ်။ ခွန်အားမျှပါ သိန်း ၅၀၀၀ ကမ်းပိန်ကိုတော့ ဧပြီ ၂၁ ရက်ကနေ ဇွန် ၂၁ ရက်ထိ  နှစ်လကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ခွန်အားမျှပါ  #သိန်း၅၀၀၀ #ကမ်ပိန်း #အညာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10