အဓမ္မပြုကျင့်လူသတ်ခဲ့သူကို သေဒဏ်အမိန့်ချမှတ်ထားတာမရှိကြောင်း စလင်းမြို့နယ်ပအဖ ပြော

အဓမ္မပြုကျင့်လူသတ်ခဲ့သူကို သေဒဏ်အမိန့်ချမှတ်ထားတာမရှိကြောင်း စလင်းမြို့နယ်ပအဖ ပြော

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အနေနဲ့ အဓမ္မပြုကျင့်လူသတ်ခဲ့တဲ့ တရားခံကို သေဒဏ်စီရင်ချက် ချမှတ်ထားတာမျိုးမရှိဘူးလို့ စလင်းပအဖ က ဒီဇင်ဘာ ၁ ရက် နေ့စွဲနဲ့သတင်းထုတ်ပြန် ပြောဆိုလာပါတယ်။

စလင်းမြို့နယ်မှာ အောက်တိုဘာလအတွင်းဖြစ်ပွားခဲ့တဲ့ လူသတ်အဓမ္မပြုကျင့်မှုနဲ့ပတ်သက်လို့ ကျူးလွန်သူကို စလင်းမြို့နယ်ပအဖအဖွဲ့ကနေ သေဒဏ်ချမှတ်လိုက်တယ်ဆိုပြီး ပအဖအဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ စလင်းမြို့နယ်လူသားစာနာတာဝန်ခံက ပြောဆိုထားမှုအပေါ် အခုလို စာထုတ်ပြန်တာလို့ ဆိုပါတယ်။

“ အဓမ္မမှု ကိုဖမ်းဆီးခဲ့တာ မြို့နယ်ပကဖ ကပါ။  ဒီအမှုကို ပအဖက စီရင်တာမဟုတ်ပါဘူး။ လူသားစာနာတာဝန်ခံ ဆရာမ ဟန်နီကယ်နဲ့ ပကဖတာဝန်ခံတို့က စီရင်ဆုံးဖြတ်ခဲ့တာပါ။ မြို့နယ်ပအဖအဖွဲ့ကို တင်ပြခြင်း၊ အကြောင်းကြားခဲ့ခြင်း မရှိခဲ့ပါဘူး။”လို့ စလင်းမြို့နယ်ပအဖခေါင်းဆောင် မနှင်းဆီက မြေလတ်အသံကို ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်က မြောင်းသစ်နဲ့ ဂုံညှင်းနွယ်ကျေးရွာအကြား လယ်ကွင်းထဲမှာ မြောင်းသစ်ကျေးရွာနေ အသက် ၃၉ နှစ်အရွယ်အမျိုးသမီး ၁ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပြီး အဆိုပါ လူသတ်အဓမ္မပြုကျင့်မှုကို စလင်းမြို့နယ်ပကဖကစုံစမ်းခဲ့ရာ အဓိကသံသယရှိသူ ဂုံညှင်းနွယ်ကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ဦးစံ ဆိုသူကို အောက်တိုဘာ ၂၂ ရက်မှာ ဖမ်းဆီးစစ်ဆေးပြီးတဲ့နောက် ဦးစံကလည်း ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တာပါ။

ဦးစံကို ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ အမှုအပြင် ကြိုတင်ကြံစည်မှုတွေနဲ့ အမှုဖွင့်ခဲ့ပြီးနောက် ဖမ်းဆီးပြီး ၂၄ရက်အကြာ နိုဝင်ဘာ ၁၅ ရက်မှာ လူသားစာနာတာဝန်ခံနဲ့ ပကဖတာဝန်ခံတို့က သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး သေဒဏ်ချမှတ်မှုဟာ လူသားစာနာတာဝန်ခံ မဟန်နီကယ်ရဲ့တဦးတည်းဆုံး ဖြတ်ချက်သာဖြစ်တယ်လို့ ပအဖရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

“ ဒီလိုစီရင်မယ်လို့ အရင်သတင်းကြားခဲ့လို့ ဝန်ကြီးဌာနကို (နိုဝင်ဘာ ၁၁ ရက်စွဲနဲ့)တင်ပြထားခဲ့ပါသေးတယ်၊ ကျမတို့မြို့နယ်မှာ တရားသူကြီးမရရှိသေးတာမို့ အမှုအခင်းတွေကို တရားစီရင်ခွင့်မရှိသေးပါ။ တော်လှန်ရေးကာလဖြစ်တာကြောင့် လူ့အခွင့်အရေးကိုအကျဉ်းသား ၁ ယောက်အနေနဲ့ မရရှိနိုင်တာမှန်ပါတယ်။ သို့သော်ယခုလို သေဒဏ်အထိစီရင်ပိုင်ခွင့် သူတို့ကို ပေးအပ်မထားပါဘူး။”လို့  သူကဆက်ပြောပါတယ်။

တော်လှန်ရေးကာလ တရားစီရင်ရေးစနစ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားရုံးတွေ EROs(တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ)နယ်မြေမှာရှိတဲ့ EROsတရားရုံးတွေကသာ တရားစီရင်ခွင့်အာဏာရှိပြီး တရားရုံးတွေ ဖွဲ့စည်းနိုင်ခြင်းမရှိသေးတဲ့ ဒေသတွေမှာတော့ မြို့နယ်ပအဖကနေ အဖွဲ့ဝင်တချို့နဲ့ တရားစီရင်ရေးအဖွဲ့ရယ်လို့ ပြန်ဖွဲ့စည်းပြီး အဲ့ဒီအဖွဲ့ကမှသာ ပြစ်ဒဏ်တွေချမှတ်လို့ရတယ်လို့ သိရပါတယ်။

“ပအဖထဲမှာ တာဝန်ခံအယောက် ၂၀ ဝန်းကျင်ပါတယ်၊ အဲ့ထဲက တယောက်ယောက်က ဘယ်လိုနည်းနဲ့မှ တရားစီရင်ပိုင်ခွင့်အာဏာလုံးဝကိုမရှိဘူး၊ လူ့အခွင့်အရေးတာဝန်ခံပဲဖြစ်ဖြစ်၊ အမျိုးသမီးကလေးသူငယ် လူငယ်တာဝန်ခံပဲဖြစ်ဖြစ်၊ ဘယ်လိုတာဝန်ခံမျိုးမဆို သူ့ကို တရားစီရင်ရေးအာဏာဆိုပြီး ပအဖ ကဖွဲ့ထားတဲ့ထဲမှာ မပါဘူးဆိုရင် သူသည် တရားစီရင်ပိုင်ခွင့် လုံးဝမရှိဘူး၊ အဲ့တော့ဒီဟာသည် လုံးဝတရားဝင်ထည့်သွင်း စဥ်းစားလို့ကို မရတာ၊ တရားကို မဝင်တာ”လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဌာနအမြဲတမ်းအတွင်းဝန်ဟောင်းလည်းဖြစ် လက်ရှိမြန်မာနိုင်ငံဥပဒေပညာရှင်များသုတေသနအဖွဲ့ ဥက္ကဌ ဦးမင်းနောင်ခိုင်က ပြောပါတယ်။

ပအဖမှာ ပြစ်ဒဏ်တွေစီရင်ဖို့ ဖွဲ့စည်းပေးထားတဲ့ တရားရေးဌာနမရှိဘူးဆိုရင် ဒါမှမဟုတ် ပြစ်ဒဏ်စီရင်လိုက်သူက အဲ့ဒီတရားရေးဌာနရဲ့ အဖွဲ့ဝင်မဟုတ်ဘူးဆိုရင် အခုလို သေဒဏ်ပေးတာဟာ လူသတ်မှုတခုသာဖြစ်ပြီး အမိန့်ချတဲ့သူကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အာဏာပိုင်တွေကနေ စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိနိုင်ရေး လူသားစာနာတာဝန်ခံ မဟန်နီကယ်ကို မြေလတ်အသံက တယ်လီဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဒီကနေ့ထိဆက်သွယ်လို့ မရသေးပါဘူး။

လက်ရှိမှာတော့ သေဒဏ်ချမှတ်ခံထားရတဲ့ ဦးစံဟာ စလင်းမြို့နယ်ပအဖအဖွဲ့ထံမှာမရှိဘဲ ပကဖအဖွဲ့ကသာ ဖမ်းဆီးထိန်းသိမ်းတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #စလင်း #ပြည်သူ့အုပ်ချုပ်ရေး #အဓမ္မမှု #သေဒဏ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10