သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊အုတ်ဖိုမြို့နယ်မှာ စစ်မှုထမ်းဟောင်းအငြိမ်းစားတပ်ကြပ်ကြီးတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသူမှာ အုတ်ဖိုမြို့နယ်၊ ချောင်းခေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာမှာနေထိုင်တဲ့ အငြိမ်းစားတပ်ကြပ်ကြီး စောကေထူး(ခ) စောခူးထူး ဖြစ်ပြီး ဇွန် ၂ ရက် မနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ သူရဲ့နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်နဲ့ ၄ ချက် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
“ သူက ဆယ်ရွာသား၊ ဘယ်တပ်ကနေ အငြိမ်းစားယူလာတယ်ဆိုတာတော့ မသိရဘူး။ သူ့အိမ်ကို အင်းမ ၆၆ တပ်ကကောင်(စစ်သား)တွေ အမြဲတမ်းဝင်ထွက်နေတာ “ လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုတာဝန်ခံ ဗိုလ်တောက်တဲ့က ပြောပါတယ်။
စစ်မှုထမ်းဟောင်း စောကေထူးဆီကနေ လက်ကိုင်ဖုန်းတလုံးနဲ့ စစ်တပ်သုံးပြောက်ကျားဦးထုပ်တလုံးကို သိမ်းဆည်းနိုင်ခဲ့ပြီး ပစ်ခတ်မှုဖြစ်အပြီးညနေပိုင်းမှာ စစ်ကာင်စီတပ်သားတွေက ရုပ်အလောင်းကို လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
စောကေထူးဟာ ဒေသတွင်းမှာ စစ်မှုထမ်းဆောင်ဖို့ လူငယ်တွေကိုအတင်းအကြပ် ခြိမ်းခြောက်လူစုတာ၊ ငွေကောက်ခံတာ၊ တော်လှန်ရေးရဲဘော်တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံထောက်လှမ်းသတင်းပို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မေ ၃၀ ရက် ညပိုင်းကလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုဟာ မင်းလှမြို့ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဆိုင်ရာရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ - တပ်ကြပ်ကြီးဟောင်း စောကေထူးအလောင်းနှင့် သိမ်းဆည်းခဲ့သည့် ဖုန်း၊ ပြောက်ကျားဦးထုပ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူးအနောက် #အုတ်ဖို #အငြိမ်းစားတပ်ကြပ်ကြီး #ပစ်သတ်ခံရ #စစ်မှုထမ်းဟောင်း
Share Share Share