“အဘွားချက်တဲ့ ဇီးသီးချဉ်ရည်ဟင်း တခွက်”

“အဘွားချက်တဲ့ ဇီးသီးချဉ်ရည်ဟင်း တခွက်”

ဆောင်းနှောင်းကြွင်းကျန်ရက်များနှင့် နွေဦးနုသစ် နေ့များတွင် မြတ်ရိုင်း မျောက်မြှားပင်များ သွေ့ခြောက်ဝါညွှတ် သွားကြပြီ။ အဝေးတောင်ယာဆီက မီးရှို့နေသည်ကို မြင်ရသည်။ မီးလောင်ကျွမ်းသည့် တဖျစ်ဖျစ် ညစ်နေသံနှင့် မီးလောင်မြတ်ပြာစလေးများ လေအဝှေ့မှာ မျောပါနေကြသည်။ တောတန်းခင်ရိုးလေးများဆီက တောဇီးပင်အုပ်လေးများကို ကျိုးကျဲစွာ လှမ်းမြင်နေရသည်။

ယာခင်းလမ်းဖုံဖုံတလျှောက် တောသူမကြီးတယောက်က ဇီးသီးခြောက်များ ကောက်ထားသည့် ခံတောင်းကို ရွက်ခါသွားနေသည်။ ညနေစောင်း တောင်ယာအလုပ်သိမ်းချိန်မှာ ရွာကအိမ်ဆီအပြန် လှည်းဖြင့် သယ်ဆောင်သွားရန် ဇီးသီးတောင်းများလည်း လှည်းပေါ်တွင် အတော်နေရာယူထားချေသည်။ ယနေ့ခေတ်ချိန်မှာတော့ ဇီးသီးများကို စီးပွားဖြစ်ရောင်းဝယ်ကြရန် ကောက်နေကြသည်။ တရုတ်နိုင်ငံကို ရောင်းချကြသည်။ ဇီးသီးထဲကအဆံကို တရုတ်တို့က ဆေးဖော်စပ်သည်လို့ ပြောကြသည်။ အော်….ဇီးသီးမှာ ယခင်ကတည်း ကျနော်တို့ ဒေသ အညာမကျရွာမကတဲ့နေရာမှာ ရာသီဓါတ်စာသဖွယ် အစာလည်းဆေး ဖြစ်ခဲ့သည် မဟုတ်လား။ 

ဇီးသီးမှည့်ခြောက်များ၏ ရနံ့က ကျနော့်နှာခေါင်းဝမှတဆင့် အာရုံကြောများဆီ တွန်းတိုးရောက်ရှိသွားသည်။ ပါးနှင့်မေးရိုးများ ကျဉ်တက်သွားအောင်ပင် ရနံ့များက မွှေးလွန်းလှသည်။ ကျနော်တံတွေး မျိုချမိသွားသည်။ အထိအတွေ့၊ အမြင်၊ အကြား၊ အနံ့၊ အရသာတို့ကို ခံစားမိသည့် အခိုက်အတန့်တခုခုတွင် ပြောဆိုရှင်းပြဖို့ခက်သည့် ခံစားမှုတခုခု မြင်ကွင်းတခုခု အတိတ်တချို့ ဒါမှဟုတ် တိုက်ဆိုင်မှု တစုံတရာကို ပြန်ပြောင်းအောက်မေ့ခံစား သတိရသွားရသည့် အဖြစ်အပျက်မျိုး လူတိုင်းခံစားဖူးမည် ထင်သည်။

ကျနော်ငယ်စဉ်ကလည်း ဇီးသီးကောက်ခဲ့ဖူးပါသည်။ ထိုစဉ်ကတော့ ဇီးသီးကို စီးပွားဖြစ်ကောက်သည်မဟုတ်။ မီးဖိုချောင်ဟင်းချက်ရာတွင် သုံးဖို့သာ ဖြစ်သည်။ ကလေးဘဝကတော့ ရပ်ကွက်တွေထဲ လူမနေသည့် ခြံကြီးများထဲက ဇီးပင်အမြင့်ကြီးများ၊ ဘုန်းကြီးကျောင်းထဲက ဇီးပင်အမြင့်ကြီးများကို တုတ်၊ ခဲ တို့ဖြင့် ပစ်ခါကျလာသည့် ဇီးသီးကို ကောက်ကာစားကြသည်။ မချိုမချဉ် အရသာလေးတွေ ဖြစ်သည်။ ဇီးချိုသီးများက ပိုးကိုက်ထားသည့်က များသည်။ တချို့ဇီးချိုသီးများတွင် ပိုးကောင်လေးများပင် အသီးထဲ ပါလာတတ်သည်။

နောက်တော့ မြို့နီးနားက တောတန်းများဆီ ထင်းခွေသွားရင် တောဇီးသီးလေးများကို ကောက်ခါစားကြသည်။ တောဇီးသီးများကတော့ အလုံးအသေးလေးများနှင့် အချဉ်သီးများတတ်သည်။ အပင်ကြီးများလည်း သိပ်မဟုတ် လက်တကမ်းမီယုံဇီးခြုံလေးများဖြင့် ညွှတ်နေဝေနေအောင် သီးကြသည်။ မှည့်ချိန်ရောက်ပြီဆိုလည်း နီညိုရောင် ဇီးသီးအကြွေများဖြင့် မြေပြင်မျက်ရိုင်းတောများကြား လက်နှင့်ကျုံးထည့်ရအောင်ပင် ကြွေကြသည်။

ဇီးသီးကောက်ချိန်က ဖေဖော်ဝါရီလလိုမျိုး နွေရာသီကျောင်း သုံးလပိတ်ချိန် ဖြစ်သည်။ နောက်တော့ အဖေထင်းခွေ သွားရာတွင်လည်း အဖေနှင့် လွယ်အိတ်တလုံးဖြင့် ကောက်ထည့်ကြသည်။ ရောင်းစားကြသည်တော့မဟုတ် အမောပြေ စားသည့်အခါလည်း စားကြ။ ဒါမှမဟုတ်လည်း ရပ်ကွက်ထဲက အသိမိတ်ဆွေတွေကို ပေးကြသည်။ နောက်တော့မီးဖိုချောင်ဟင်းချက်ရာတွင်လည်း သုံးကြသည်။ 

ဇီးသီးကို ချဉ်ရည်ဟင်းချက်ကျွေးသည့်ကို အမှတ်ရနေသည်ကတော့ အဖေ့ဇာတိရွာမှာ ဖြစ်သည်။ မကွေးတိုင်းထဲက ဧရာဝတီမြစ်ကမ်းနဖူး ကံမမြို့လေးက ဂေါ်ပင်တောင် ရွာကလေးဆီ ရောက်တိုင်း အဘွားက ရွာထမင်းရွာဟင်းများကို ချက်ကျွေးတတ်သည်။ ထိုအထဲတွင် ချဉ်ရည်ဟင်းတခွက်လည်း ပါသည်။ မန်ကျည်းသီးအစား ဇီးသီးဖြင့် လယ်ကန်စွန်းရွက်နီ ချဉ်ဟင်းဖြစ်သည်။ ချောင်းထဲကရသည့် ငါးကလေးများကို အိုးကပ်ချက်ကာ ငရုပ်သီးဆားထောင်းဖြင့် အတော်ထမင်းမြိန်လှသည်။

ရွာအဝင်တွင် ဂူကိုးပေါက်ဘုရားရှိနေပြီး ထပ်လျှောက်လာပါက ရွာဦးသုသာန်နှင့် တရွာလုံးအားထားရာ ရေချိုတွင်းကြီး နှစ်တွင်းရှိသည်။ ထပ်လျှောက်လာပါက ရွာထဲမဝင်ခင် ကုက္ကိုလ်ပင်ကြီးနှစ်ပင်နှင့် ဇရပ်ကြီးနှစ်ဆောင် အခုတော့ ကုက္ကိုလ်ပင်ကြီးများမရှိတော့ဟု ထင်သည်။ ဇရပ်ကြီးများကတော့ ရှိအုံးမည်၊ လူကြီးတယောက် တဖက်စာထက်ကြီးသည့် ကျွန်းသားတိုင်ကြီးဖြင့် ပျဉ်ခင်း သွပ်မိုးကာထားသည့် ဇရပ်ကြီးများဖြစ်သည်။ တရွာလုံးက ကလေးများ ကစားရာနေရာလည်း ဖြစ်သည်။

ဇရပ်တခုပေါ်တွင်တော့ ရွာထဲမှ အဘွားအိုတဦးက ထန်းလျက်အညိုဖြင့် ကျိုကာရောင်းသည့် မုန့်လက်ဆောင်းရှိသည်။ ရေခဲမလွယ်သေးသည့်ခေတ်တွင် မြေအိုးထဲမှာထည့်ကာ ရေစိုဝတ်ဖြင့် ပတ်ထားသည့် မုန့်လက်ဆောင်းမှာ အေးအေးလေးဖြင့် ချိုချိုလေးလေးသောက်ကောင်းလှသည်။ မု့န်လက်ဆောင်းခွက်များမှာ ဖန်ပြာခွက်ထူထူအရှည်များ ဖြစ်သည်။ အညာပီပီမဖြစ်သေးသည့် ရွာကလေးမှာ အလွန်အမင်း ခြောက်သွေ့နေသည်တော့မဟုတ်သော်လည်း ဖုန််မှုန့်တို့ကတော့ လှည်းနွားတို့ ဖြတ်သွားတိုင်း ထောင်းထောင်းထအောင် လွင့်နေတတ်သည်။

ရွာထိပ်တွင် အဘွားအိမ်ရှိသည်။ အဘွားအိမ်ကပ်ရပ်တွင် လမ်းမတန်းရှိနေပြီး လမ်းမတန်းကျော်ပါက ချောင်းရှိနေသည့် ချောင်းက အောက်ဘက် မနီးမဝေး တနေရာတွင် ဧရာဝတီမြစ်ထဲ စီးဝင်သွားသည်။ မိုးကုန်ဆောင်းအကူး မြစ်ရေများ ကျသွားချိန်တွင် ချောင်းနဖူးတွင် ကုလားပဲခင်းများနှင့် ခရမ်းချဉ်ခင်းများ၊ စံမြိတ်ခင်းများ ရှိနေသည်။ 

အဖွားက မြို့မှမြေးများ ရောက်လာပါက မရှိရှိတာ ရှာကျန်ကာ ဟင်းချက်တော့သည်။ အသားဟင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ချက်သည်မဟုတ်။ ချောင်းထဲဆင်းကာ ကုလားပဲညွှန်များ ခူးသည်။ စံမြိတ်ရွက်များ ဖြတ်သည်၊ ကန်စွန်းရိုးနီများ ခူးသည်။ တခါတရံတွင်လည်း လယ်ကြွက်များ ရတတ်ရာ မီးဖိုနံဘေးတုတ်ဖြင့် ညှပ်ကာ ကင်ပြီး ငရုပ်သီးစပ်စပ်ဖြင့် ကြော်တော့သည်။ ထိုနေရာတွင် မပါမဖြစ်မှာ ဇီးသီးချဉ်ရည်ဟင်းပင်။ ကန်စွန်းရွက်နီ၊ မုန်လာဥ တို့ကိုထည့်ကာ ခရမ်းချဉ်သီး နောက်တော့ ဇီးသီးများကို ထည့်၍ ချဉ်ရည်ဟင်းကိုချက်သည်။ မီးဖိုပေါ်က ချခါနီးတွင် ဆူးပန်းရွက်ကလေးကို ခပ်လိုက်ရာ အတော်ပင်မွှေးသည်။ နောက်ဖေး မီးဖိုချောင်ပေါ် ကျပ်ခိုးစင်မှာ ဇီးသီးမှည့်ခြောက်များ၊ နောက်တော့ ကြက်သွန်အမြိတ်ခြောက်များဖြင့် စုစည်းဆွဲချိတ်ထားသည့် ကြည်သွန်နီများ၊ ငရုပ်သီးခြောက်များ ရှိနေသည်။ ယာခရမ်းချဉ်သီးများလည်း ရှိနေသည်။

တခါတရံတော့ ချဉ်ဟင်းကိုပင် နံနံပင်အစား စံမြိတ်ပင်တမျိုးကို အမွှေးအဖြစ် ခပ်ထည့်တတ်သည်။ စံမြိတ်အနံကိုတော့ ကျနော်မကြိုက်ပါ။ သို့သော် ခရမ်းချဉ်သီး ဆီမပါ ငါးပိချက်နဲ့ သရက်သီးကင်းလေးများကို အတော်အကြိုက် တွေ့ခဲ့သည်။ နောက်တမျိုးကြိုက်သည့် အစားအစာကတော့ ကုလားပဲရွက် ဟင်းချိုပင် ဖြစ်သည်။ ကုလားပဲခင်းများထဲက ရွက်နုများကိုခူးကာ ကြက်သွန်ဖြူ၊ စိမ်းစားငါးပိကျဲဖြင့် ဟင်းချိုဖြစ်သည်။ 

ထိုစဉ်က နေ့များသည် စားဝတ်နေရေးအတွက် ငွေဖြင့်ဝယ်ယူရသည်။ ငွေကုန်သွားသည်ဆိုသည်မှာ အတော်ပင်ရှားပါသည်။ တနေ့လုံးနေမှ ငွေတကျပ်ပင် မသုံးရသော နေ့များစွာရှိသည်။ ဆန်မှာလည်း အိုးထဲ အိတ်ထဲက ငါးပိငါးခြောက်တို့မှာလည်း မီးဖိုချောင်က အသားငါးကလေးများ လာရောင်းသည့်အချိန်တွင်သာ ငွေပေးရင်ပေး မပေးရင်လည်း ကိုယ့်မှာရှိတာ ပဲ၊ နှမ်း တခုခုနှင့် လဲလိုက်ကြသည်သာ။ ပိုက်ဆံထုတ်မည်ဆိုပါကတော့ အဘွား၏ ချွေးခံအိတ်ထဲက နှိုက်ရတော့သည်။ အဘွားက နည်းနည်းတော့ ကပ်စေးနှဲသည့်အထဲမှာပါသည်။ ငွေသိပ်မသုံးပါ။ နောက်ပြီး နေမကောင်းမကျန်းမာ သွေးတိုးဆီးချိုဖြစ် ဒူးနာခါးနာ ဆိုတာတွေလည်း မကြားမိ မဖြစ်ကြပါ။

ရွာကို ကျနော်တယောက်ထဲ သွားလာနိုင်ချိန် ကြီးပြင်းလာချိန်မှာတော့ အဘွားသက်ရှိထင်ရှား မရှိတော့ပါ။ သို့သော် အဘွားက သက်တမ်းစေ့ နေသွားသည်ဟု ဆိုရမည်။ ကျနော်လည်း ရွာကို သိပ်မရောက်ဖြစ်ပါ။ ဇီးသီးချဉ်ရည်ဟင်းကိုလည်း ကျနော် မစားရတော့ပါ။ ဇီးသီးလည်း မကောက်ဖြစ်ပါ။ တခါတရံ တောတန်းခင်ရိုးကုန်းမြင့်များဆီက ဇီးပင်အုပ်လေးများတွေ့ပါက ခဏတဖြုတ် ဝင်နားတတ်သည့် အကျင့်လေးတော့ ရှိနေပြန်ပါသေးသည်။

ကျနော်တို့ခေတ်အချိန်ကတော့ မိုးလင်းမှ မျက်စိမှိတ်ချိန်ထိ ငွေပြီးငွေသာဖြစ်နေတော့သည်။ ထွက်ပြီးရင်း ထွက်နေတော့သည်။ ဘာပဲလိုချင်ချင် ငွေသာပေးနေကြရသည်။ ငွေကိုသာ ရှာနေကြရသည်။ နောက်တော့ အသက်ကြီးငယ်မရွေး ရောဂါမျိုးစုံဖြစ်နေကြသည်။ စားသုံးသည့် အစားအစာများတွင် စားရန်မသင့်သော ကုန်ကြမ်းပစ္စည်းများစွာ ပါနေကြသည်။ ငွေကိုပေးကာ ရောဂါကို ဝယ်ယူ စားသုံးနေကြရသလိုပင်။

အဘွား၏ ဇီးသီးချဉ်ရည်ဟင်းမှာ ငွေမကုန်ပါ။ အလုပ်လည်းမရှုပ်ပါ။ ကျန်းမာရေးလည်း မထိခိုက်ပါ။ ထမင်းဝိုင်းမှာတော့ ကျနော်တို့အားပါးတရ စားသောက်ခဲ့ရသည့် ဟင်းတခွက်ဖြစ်ခဲ့ပါသည်။ ထိုထက်ပိုလို့ ရာသီဓါတ်စာ ဟင်းတခွက်ဆိုတာကို ထိုစဉ်က ကျနော်မသိခဲ့ပါ။ 

ဇီးသီးချဉ်ရည်ဟင်းကို လွမ်းရပါသည်။ အဘွားကို လွမ်းရသည်။ ရွာကလေးကို လွမ်းရသည်။ ဇီးသီးကြွေချိန် ရာသီချိန်က ကုန်ဆုံးတော့မည်။ တောမီးရှို့ရာက ထွက်ပေါ်လာသည့် မြတ်စပြာမှုန့်လေးများ လေထဲတွင် ဝှေ့နေကြသည်။ နွေဦးနုသစ်ချိန် လတပေါင်းကို ရောက်ပြန်ပါလေပြီ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10