အသင့်ဆောင်ထားတဲ့လက်ပစ်ဗုံးပေါက်ကွဲလို့ အုပ်ချုပ်ရေးမှူးသေပြီး မိသားစုဒဏ်ရာရ

အသင့်ဆောင်ထားတဲ့လက်ပစ်ဗုံးပေါက်ကွဲလို့ အုပ်ချုပ်ရေးမှူးသေပြီး မိသားစုဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦးဟာ သူကိုင်ဆောင်ထားလေ့ရှိတဲ့လက်ပစ်ဗုံးပေါက်ကွဲလို့ နေရာတင်သေဆုံးခဲ့ပြီး မိသားစုဝင် ၂ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူ တဦးဆီက သိရပါတယ်။

သေဆုံးတဲ့သူဟာ ပေါင်းတည်မြို့နယ်၊ ပေါက်အိုင်ကြီးအုပ်စုက အုပ်ချုပ်ရေးမှူး အသက် ၄၅ နှစ်အရွယ် ကိုထွန်းထွန်းဖြစ်ပြီး သူနေတဲ့ မြောက်ဥသျှစ်ကုန်းရွာအိမ်မှာ နိုဝင်ဘာလ ၃ ရက် ဒီမနက် ၇ နာရီလောက်မှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ 

"အုပ်ကြီးအိမ်မှာ ပေါက်တာလို့သိရတယ်။ ဆေးရုံရောက်တော့သေနေပြီ၊ ရင်ဘတ်ကိုထိတာတဲ့။ သူ့အမျိုးသမီးကို လက်ကိုထိတာ၊ သူ့သားကိုတော့ ခြေထောက်ထိတယ်၊ သားနဲ့အမေက ဒဏ်ရာရရှိသွားတယ်ပေါ့။ သူတို့ ၂ ဦးကိုတော့ ပေါင်းတည်ဆေးရုံမှာကုသထားတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။

ပေါင်းတည်ဆေးရုံရင်ခွဲရုံကိုပို့ထားတဲ့ ကိုထွန်းထွန်းရဲ့အလောင်းကိုတော့ ဒီမနက်ပိုင်းမှာပဲ မြောက်အုတ်ရှစ်ကုန်းရွာကို ပြန်သယ်သွားတယ်လို့ ဆိုပါတယ်။

နောက်ထပ်မြို့ခံ တဦးကလည်း ကိုထွန်းထွန်းဟာ လက်ပစ်ဗုံးကိုအမြဲလိုဆောင်လေ့ရှိသလို သေနတ်အတိုတလက်ကိုလည်း အမြဲကိုင်လေ့ရှိတယ်လို့ ပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးဟာ ၂ဝ၂၂ ခုနှစ် မတ်လ ၉ ရက်ကလည်း ပေါက်အိုင်ကြီးရွာကနေ အုတ်ရှစ်ကုန်းရွာကို ဆိုင်ကယ်နဲ့ပြန်လာချိန် လမ်းခုလတ်တနေရာအရောက်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာရခဲ့ပါသေးတယ်။

ပုံစာ - ပေါင်းတည်မြို့နယ်က အုပ်ချုပ်ရေးမှူးများအစည်းအဝေး တခုအားတွေ့ရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး #လက်ပစ်ဗုံးပေါက်ကွဲ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10