"အိမ်ဆောက်ပြီးလို့ ၁၅ ရက်ပဲရှိသေးတယ် အကုန်ကုန်ပဲ"  (ရုပ်/သံ)

အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက သက္ကယ်ကျင်းကျေးရွာကို မတ် ၁၄ ရက်နေ့လယ် ၂ နာရီလောက်ကနေ ည ၁၂ နာရီကျော်အထိ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးရာ နေအိမ် ၄၅၆ လုံးပျက်စီးခဲ့ပါတယ်။ 

ဒေသခံတွေဟာ စစ်ကြောင်းဝင်လာတဲ့အချိန် လူတကိုယ် အဝတ်တထည်နဲ့ အသက်လုပြေးခဲ့ကြရပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ မီးရှို့ခံရတဲ့ အိမ်တွေထဲမှာ တချို့အိမ်တွေဆိုရင် ဆောက်ပြီးကာစ ရက်ပိုင်းလောက်သာ ရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ရွာကပြန်ထွက်သွားလို့ နယ်မြေရှင်းလင်းရေးဝင်ချိန် ရွာမီးလောင်ပြင်အတွင်း အသက် ၅၀ အရွယ် အမျိုးသမီး ၂ ဦး၊ အသက် ၈၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့  ၂၆ နှစ်ဝန်းကျင် အမျိုးသား ၁ ဦးကို မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ သေဆုံးသူတွေဟာ စစ်ကောင်စီက ရွာထဲကို ရုတ်တရက် ပစ်ခတ်ဝင်လာတာဖြစ်တဲ့အတွက် ပြေးချိန်မရလိုက်ဘဲ ပစ်ခတ်ခံရကာ မီးရှို့သွားတာလို့ ဆိုကြပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ရွာထဲကပြည်သူ ၅၀ နီးပါးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ အဲ့ဒီထဲမှာ ကလေးမိခင်တွေလည်း ပါဝင်နေပြီး နို့စို့အရွယ်ကလေးငယ်တွေက ရွာမှာကျန်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကြောင်းပြန်ထွက်သွားလို့  အသက်ဘေးလွတ်မြောက်သွားတဲ့  ပြည်သူတွေဟာ ရွာထဲက စာသင်ကျောင်းတွေမှာ ခိုကပ်နေရကြပြီး  ပြာပုံထဲက သံတိုသံစတွေကို ရသလောက် လိုက်ကောက်ကာ ပိဿာချိန်နဲ့ ပြန်‌ရောင်းကြပြီး ကလေးငယ်တွေအတွက် မုန့်ဖိုးရှာနေကြတာပါ။

သက္ကယ်ကျင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်တပ်က စစ်ကြောင်းထိုးဝင်လာပြီး ရွာခံ ၅၀ နီးပါးကို ဖမ်းဆီးသွားခဲ့သလို ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ထောင်စုပေါင်း ၄၅၆ စု၊ ကျား ၇၂၆ ဦး၊ မ ၈၅၅ ဦး၊ စုစုပေါင်း မီးဘေးသင့် စစ်ရှောင်ဦးရေ ၁၅၈၁ ဦးရှိအထိ ရှိနေကာ အဝတ်အထည်၊ အစားအသောက် ဆေးဝါးတွေအစ အကူအညီလိုအပ်နေဆဲ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #စစ်ကောင်စီတပ် #မီးရှို့ #ဖမ်းဆီးမှု #အရပ်သား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10