အုတ်ဖိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိပြီး ကျည်အချို့ပါ သိမ်းဆည်းခဲ့

အုတ်ဖိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိပြီး ကျည်အချို့ပါ သိမ်းဆည်းခဲ့

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိပြီး ကျည်အချို့လည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ သာယာတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမတောင်ခြေရှိ သရက်နှစ်ဖျားလိမ်အုပ်စု၊ ‌ဂွေးချိုရွာနဲ့ ကျွန်းလှကုန်းရွာကို ဆက်သွယ်ထားတဲ့တံတားအနီးမှာ အုတ်ဖို ခမရ ၆ က အင်အား ၂၀ ဦးပါစစ်ကြောင်းကို ဧပြီလ ၂၈ ရက် ညနေ ၅ နာရီကျော်လောက်က ပဒေသာမိုင်း ၇ လုံးနဲ့  မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မိုင်းဆွဲလိုက်တဲ့ အခါမှာ လဲကျကုန်တာတွေ့ရတယ်။ ခဏလည်းကြာရော လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်နေလို့ ကျနော်တို့နောက်ပြန်ဆုတ်ခဲ့တာ” လို့  မြေအောက်ပြောက်ကျား တပ်ဖွဲ့မှ တပ်ခွဲမှူး ရဲဘော်ဒေဝက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် ဧပြီလ ၂၉ ရက် မနက်ပိုင်းမှာ ကာကွယ်ရေးရဲဘော်တွေက မိုင်းဆွဲခဲ့တဲ့နေရာကို သွားရောက်ရှင်းလင်းရာမှာ စစ်ဦးထုပ် ၃ လုံး၊ M 3 ကျည်ဘောက်ရှည် ၁ ခုနဲ့  ၅ . ၅၆ ကျည် ၃၂ ထောင့်ကို သိမ်းဆည်းနိုင်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကြောင်းဟာ ဧပြီ ၂၈ ရက် ညပိုင်းမှာပဲ သေဆုံးအလောင်းတွေကိုသယ်ပြီး  တပ်ပြန်ဆုတ်သွားတာကို မြေပြင်ကင်းထောက်တွေဆီက သတင်းပြန်ရကာ ဧပြီလ ၃၀ ရက် ဒီမနက်ပိုင်းအထိ စစ်ကြောင်းလူပ်ရှားတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။

ပဲခူးတိုင်းအ‌နောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ HERO ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းနဲ့  ၂၇ ရက် မနက်ပိုင်းမှာလည်း အုတ်ဖိုမြို့အရှေ့ဘက်၊ တင်းဝါးချောင်းရွာ အနီးမှာရှိနေတဲ့ တပ်မ ၆၆ က စစ်သားအင်အား ၆၀ လောက်ပါ စစ်ကြောင်းနဲ့ဒေသခံကာကွယ်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး စစ်သားသေဆုံးမှုတွေရှိခဲ့ပါသေးတယ်။ 

ပုံစာ - သိမ်းဆည်းရခဲ့တဲ့ စစ်ဦးထုပ်နဲ့ ကျည်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #စစ်ကောင်စီ #ဒေသခံကာကွယ်ရေးတပ် #မိုင်းဆွဲ #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10