အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း အုပ်ကြီး ၁ဦး အသတ်ခံရပြီး အလောင်းလာကောက်သူတွေနဲ့ပစ်ခတ်မှုဖြစ်

အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း အုပ်ကြီး ၁ဦး အသတ်ခံရပြီး အလောင်းလာကောက်သူတွေနဲ့ပစ်ခတ်မှုဖြစ်

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးအသတ်ခံရပြီး သူ့အလောင်းကို လာကောက်သူတွေနဲ့ပါ ပစ်ခတ်ခဲ့ကြတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်၊ တယ်ပင်ကျောအုပ်စု၊ ဆင်ကူးကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ ကိုသက်ကြီး (ခ) သက်အောင်ကို တောင်သုံးလုံးဘုရားနဲ့ ဆင်ကူးရွာကြားမှာ စက်တင်ဘာ ၉ ရက်မနက် ၇ နာရီလောက်က ဆိုင်ကယ်နဲ့ပြန်ချိန် ပစ်သတ်ခဲ့ပြီးနောက်မှာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

“အလောင်းလာကောက်မှာသိလို့ မိုင်းထောင်ထားပြီး အေးမြသာယာ(ရွာ)က **အလာကို စောင့်နေတုန်း သူ့(ကိုသက်ကြီး)အမျိုး ပျူစောထီးတွေသေနတ်တွေနဲ့‌ရောက်လာပြီး ပစ်ခတ်မှုဖြစ်တာ” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့တပ်ခွဲမှူး ရဲဘော်ဒေဝက ပြောပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ချိန်မှာ ပျူစောထီး ၂ ဦး သေဆုံးကြောင်းကို ကင်းထောက်တွေဆီက သိရပြီး ကိုသက်ကြီးဆီက မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေကျပ် ၁ သိန်းနဲ့ စစ်မှုထမ်းဟောင်းကဒ် ၁ ခုကို  သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်မှာလည်း ထိတွေ့မှုဖြစ်နေချိန် ပျူစောထီး ၂ ဦးထပ်မံသေဆုံးတယ်လို့ ဖော်ပြထားပြီး ကိုသက်ကြီးဟာ စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်တဲ့အပြင် ပြည်သူတွေကို အတင်းအကြပ် ခြိမ်းခြောက်စစ်မှုထမ်းဖို့ လူစုပေးတာ၊ ငွေကြေးကောက်ခံတာ၊ တော်လှန်ရေးရဲဘော်တွေရဲ့ အချက်အလက်တွေကို သတင်းပို့တာ၊ ဆင်ကူးရွာနဲ့ တမံကြီးရွာကြားမှာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ငွေတောင်းတာ၊ ဒေသခံလူငယ်တွေကို စည်းရုံးပြီး ပျူစောထီးအဖွဲ့ကိုဖွဲ့စည်းပြီး ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေတာကြောင့် အခုလိုအရေးယူတာလို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် မနက် ၅ နာရီလောက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊  ကွင်းချောင်းအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့  စောမင်းနိုင်ဦး အပါ ပျူစောထီးနဲ့ စစ်သား ၃၅ ဦးခန့်ကိုလည်း ဒေသခံမဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပါ သေးတယ်။ 

ပုံစာ - စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး ကိုသက်ကြီးဆီက သိမ်းဆည်းရမိတဲ့ ပစ္စည်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10