အုပ်ချုပ်ရေးမှူး သတ်ခံရပြီးနောက် အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် ၃ ဦးကို ပြန်သတ်ပြီး အလောင်းစွန့်ပစ်

အုပ်ချုပ်ရေးမှူး သတ်ခံရပြီးနောက် အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် ၃ ဦးကို ပြန်သတ်ပြီး အလောင်းစွန့်ပစ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာက အုပ်ချုပ်ရေးမှူးအသတ်ခံရပြီး နောက်နေ့  မေ ၆ ရက် ဒီမနက် အစောပိုင်းမှာ ကျေးရွာအတွင်း လူသေအလောင်း ၃ လောင်းကို လာရောက် စွန့်ပစ်ထားတာတွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကုန်းသာကျေးရွာသား၊ နွားခြံကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၆၀ အရွယ် ဦးဝင်းလှိုင် ကို မေ ၅ ရက် ၎င်းရဲ့နေအိမ်မှာရှိနေချိန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၅ က သေနတ်နဲ့ပစ်ခတ်ရှင်းလင်း ပြီးနောက်မှာ ကုန်းသာကျေးရွာထဲမှာ အခုလို အလောင်းသုံးလောင်းကို လာရောက်စွန့်ပစ်သွားခဲ့တာဖြစ်တယ်လို့ သိရတယ်။ 

စွန့်ပစ်ထားတဲ့ အလောင်းတွေဟာ ရွာခံတွေမဟုတ်ဘဲ အမည်၊ နေရပ် မသိရတဲ့ အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသားလူငယ်တွေ ဖြစ်ပြီး အဲဒီ သုံးယောက်စလုံးမှာ အနက်ရောင်သေမင်းတမန်ဆိုတဲ့ စာတန်းပါလည်ဆွဲတွေ ချိတ်ထားတယ်လို့ ဆိုပါတယ်။

အနက်ရောင်သေမင်းတမန်လို့ အမည်ပေးထားတဲ့အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ တဖွဲ့တခုဖြစ်နိုင်တယ်လို့ ပေါင်းတည်မြို့နယ်အတွင်းက ဒေသခံတွေက ဆိုကြပါတယ်။ 

”အလောင်းတွေကို ညတုန်းက လာချသွားတာလို့ ယူဆရတယ်။ ရွာသားတွေကတော့  မပြောရဲ၊ မကြည့်ရဲဘူး။ စစ်တပ်က ငါတို့လူ(အုပ်ချုပ်ရေးမှူး)ကို သတ်ရင် မင်းတို့ ပြည်သူလည်း ငါတို့က သတ်မယ်ဆိုပြီး သတ်ပြတဲ့ သဘောလို့ ထင်တယ်“ လို့  မြို့ခံတဦးက ပြောပါတယ်။

အဲဒီအလောင်းတွေမှာ လည်ပင်းကို ပြတ်လုမတတ် ဓားနဲ့ လှီးထားတာတွေ့ရပြီး ကျေးရွာအတွင်း သုံးနေရာခွဲ ကာ စွန့်ပစ်ထားတာလို့ သူက ဆက်ပြောပါတယ်။

မေ ၆ ရက် ဒီနေ့ မွန်းတည့်ချိန်လောက်မှာ အဲဒီအလောင်းတွေကို စစ်အုပ်စုက ခိုင်းစေတာကြောင့် ပေါင်းတည်မြို့နဲ့ မှတ်တိုင်အုပ်စုက ပရဟိတအသင်းကားတွေနဲ့ သယ်ကာ ပေါင်းတည်မြို့ဆေးရုံကို ပို့ပေးရတယ်လို့ ဆိုပါတယ်။

ပြည်ခရိုင်နဲ့  ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံကတော့  စွန့်ပစ်ထားတဲ့ အလောင်းတွေဟာ သူတို့ သတ်တာလည်း မဟုတ်သလို သက်ဆိုင်ခြင်း၊ သိရှိခြင်းလည်း မရှိတဲ့ အပြင် ၎င်းတို့ တပ်ဖွဲ့ဝင်တွေလည်း မဟုတ်ဘူးလို့  ပြောပါတယ်။ 

ဒါ့အပြင် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ချိန်မှာလည်း အုပ်ချုပ်ရေးမှူးတဦးသာ သေဆုံးပြီး အခြားဒဏ်ရာရရှိသူတွေ မရှိဘူးလို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း  ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ အုတ်ဖိုစု ကျေးရွာအနီးမှာလည်း အနက်‌ရောင်သေမင်းတမန်လို့ စာတန်းချိတ်ဆွဲထားတဲ့ အမည်နေရပ် မသိရတဲ့ အမျိုးသားအလောင်းတလောင်းကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

ပုံစာ - ရှင်းလင်းခံလိုက်ရသည့် ကုန်းသာကျေးရွာသား၊ နွားခြံကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည် #နွားခြံကုန်း #ကုန်းသာရွာ #အုပ်ချုပ်ရေးမှူး #လူသေအလောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10