အွန်လိုင်းဈေးသည်ဘဝမှ PDF စစ်သမီး ဖြစ်လာသူ (အမျိုးသမီးကဏ္ဍ)

တော်လှန်ရေးကာလ ၂ နှစ်ကျော်လာပေမယ့် အချို့တပ်ရင်းတွေက PDF စစ်သမီးတွေဟာ စစ်မြေပြင်အခက်ခဲတွေကြောင့် သူတို့မျှော်မှန်းထားတဲ့ ရှေ့တန်းစစ်မြေပြင်မှာ လက်နက်ကိုင်ခွင့်ကို မရကြသေးပါဘူး။ သူတို့တွေက လက်နက်ကိုင်တိုက်ပွဲဝင်လိုပေမယ့် လက်ရှိမှာတော့ တော်လှန်ရေးအတွက် တထောင့်တနေရာကနေပဲ ပါဝင်အားဖြည့်နေကြရပါတယ်။ 

အဲ့ဒီလိုပါဝင်အားဖြည့်နေကြတဲ့အထဲမှာ ပခုက္ကူခရိုင် အမှတ်၁၉ တပ်ရင်း ဆိပ်ဖြူဘာမထီတပ်ဖွဲ့က စစ်သမီးတွေကတော့  ရိက္ခာစုဆောင်းတာ၊ ဆေးတပ်သားအဖြစ်လုပ်ကိုင်ပေးတာနဲ့ မိုင်ထုတ်လုပ်ရေးပိုင်းတွေမှာ တတတ်တအား ပါဝင်နေကြပါတယ်။

စစ်သမီးများစွာထဲက ရဲမေအယွန်းကတော့ မန္တလေးဇာတိဖြစ်ပြီး အာဏာမသိမ်းမီမှာ သူမအနေနဲ့ အွန်လိုင်းကနေ ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေခဲ့ပြီး မိသားစုဝင်ငွေကို တဖက်တလမ်းကနေ ရှာဖွေပေးနေသလို သူ့အမေ ဖွင့်ထားတဲ့ဈေးဆိုင်လေးမှာလည်း ကူလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးကာလမှာတော့ ဆန္ဒပြတာတွေကို စစ်ကောင်စီက ဖြိုခွင်းနေချိန်၊ အာဏာရှင်ဆန်ဆန် ပြည်သူတွေကို မတရားဖမ်းဆီး ရိုက်နှက်တာတွေကို မမြင်နိုင်လို့ အာဏာရှင်ကို ပြန်တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အယွန်းဟာ အွန်လိုင်းဈေးရောင်တဲ့အလုပ်နဲ့ အိမ်ကို စွန့်ခွာကာ ၂၀၂၁ နှစ်လယ်လောက်မှာ ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူဘာမထီတပ်ဖွဲ့ထဲကို ရောက်လာခဲ့လို့ ပြောပါတယ်။ 

မကြာခင်မှာပဲ အယွန်းဟာ အခြေခံစစ်သင်တန်းကိုလည်း တက်ရောက်ခဲ့ပြီး အဲ့ဒီတုန်းက တိုက်ခိုက်ရေးတွေမှာ ပါဝင်ခဲ့တယ်လို ဆိုပါတယ်။

တော်လှန်ရေးအစပိုင်းမှာ အမျိုးသမီးရဲမေတွေဟာ ရဲဘော်တွေနဲ့အတူ စစ်ပညာတွေကို သင်ယူခဲ့ရပြီး ရှေ့တန်းကို လိုက်ပါရတာရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တပ်ဖွဲ့အများစုက ရဲမေတွေကို နောက်တန်းမှာပဲ မိုင်းထုတ်လုပ်ရေးပိုင်းနဲ့ ထောက်ပို့ပိုင်းမှာ တာဝန်ပေးလာခဲ့ကြတာပါ။ 

တိုက်ပွဲကြားထဲမှာ အမျိုးသမီးတွေအတွက် အသက်အန္တရာယ် များလွန်းတာနဲ့ လမ်းခရီးကြမ်းတမ်းတဲ့အတွက် ရှေ့တန်းကို မခေါ်ကြတာလို့ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေဆီက သိရပါတယ်။ ဒါပေမယ့် တချို့အဖွဲ့တွေထဲက အသေခံတပ်သားတွေထဲမှာ အမျိုးသမီးရဲမေတွေလည်း ရှိနေတာပါ။

ရဲမေအများစုဟာ အမျိုးသမီးကျန်းမာရေးပိုင်းတွေနဲ့ နေရေးစားရေးတွေမှာ အခက်အခဲတွေကို ကြုံတွေ့ခဲ့ကြပေမယ် တော်လှန်ရေးမပြီးမချင်း အိမ်မပြန်ဘူးလို့ ဆုံးဖြတ်ထားကြလို့  ကြုံလာတဲ့အခက်အခဲတွေကို တယောက်နဲ့တယောက် ဖေးမကူညီ ဖြေရှင်းနေကြတာပါ။

တော်လှန်ရေးမပြီးမချင်း အိမ်မပြန်ဘူးလို့ ပြောလာတဲ့ အယွန်းတယောက် လက်ရှိအဖွဲ့ထဲမှာ ဆေးတပ်သားတာဝန်အပြင် တပ်ဖွဲ့ဘဏ္ဍာရေးရှာဖွေတဲ့အပိုင်းမှာ တာဝန်ယူလုပ်ကိုင်ပေးနေပါတယ်။ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ထဲမှာ သူမနည်းတူ PDF စစ်သမီးတွေဟာလည်း တော်လှန်ရေးခရီးကြမ်းထဲကို ဖြတ်သန်းနေကြပါတယ်။

တခါတရံမှာတော့ ပခုက္ကူနယ်တဝိုက်က စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွေမှာ တိုက်ခိုက်ဖို့ တာဝန်ပေးရင် အယွန်းတယောက် သေနတ်စွဲကိုင်ပြီး ရှေ့တန်းကို လိုက်ပါ တိုက်ပွဲဝင်ပါသေးတယ်။

ရေးသားတည်းဖြတ် - စောကျော်ငြိမ်း၊ ငြိမ်းဇော်၊ စာတည်း-နွေဦးငြိမ်ချမ်း

#မြေလတ်အသံ

#အမျိုးသမီးကဏ္ဍ #PDFစစ်သမီး #Lifestyle #လူမှုဘဝ #တော်လှန်ရေး #မကွေးတိုင်း #ပခုက္ကူ #ဆိပ်ဖြူဘာမထီ #နွေဦးတော်လှန်ရေး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10