၁၀၂၇ စစ်ဆင်ရေးအောင်မြင်ဖို့ အညာပြည်သူတွေ ဆုတောင်းသပိတ်လုပ်

၁၀၂၇ စစ်ဆင်ရေးအောင်မြင်ဖို့ အညာပြည်သူတွေ ဆုတောင်းသပိတ်လုပ်

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်စေဖို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့နဲ့ ပြည်သူအချို့ အောက်တိုဘာ၃၀ရက် ဒီနေ့ည ဆားလင်းကြီးမြို့နယ်အတွင်းက စေတီတခုမှာ ဆုတောင်းသပိတ်လုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်မြောက်ပိုင်းမှာသာမက စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်က စစ်ဆင်ရေးတွေမှာ မဟာမိတ်အဖွဲ့ဝင် AA က ပါ၀င်ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

"အဲ့သတင်းကြားကြားချင်း အရမ်းကိုဝမ်းသာတယ်ဗျ။ နောက်ပြီး ကျနော်တို့ အညာသူအညာသားတွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်အောင် နိုင်ရာပါဝင်ကြဖို့ လိုပြီလို့ထင်တယ်ဗျ" လို့ အညာပစ်တိုင်းထောင်လေးများ ဦးဆောင်သူတဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအောင်မြင်ဖို့ အခုလို ဆုတောင်းသပိတ်တွေပြုလုပ်သလို စစ်ကိုင်းတိုင်းထဲ ရောက်လာပြီဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အညာပစ်တိုင်းထောင်အနေနဲ့လည်း နိုင်ရာနေရာကနေပါဝင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အလားတူ ကနီမြို့နယ်အတွင်းမှာလည်း  "၁၀၂၇ စစ်ဆင်ရေး တလှိုင်းပြီး တလှိုင်း အောင်မြင်ပါစေ" စာတန်းနဲ့ မီးထွန်းကာ ဆုတောင်းသပိတ်လုပ်ခဲ့ကြပါတယ်။

ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာဖြစ်ပါစေ တော်လှန်ရေးကို ပုံစံအမျိုးမျိုး နည်းအသွယ်သွယ်နဲ့ ဆန့်ကျင်တော်လှန်သွားမှာဖြစ်ပြီး စစ်အာဏာရှင် ရှိနေသရွေ့ တိုင်းပြည်သေမိန့်ကျနေတာကို ပြည်သူတွေ မမေ့ကြပါနဲ့လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေးရောက်ရှိလာတဲ့ အပေါ်မှာတော့ "ပြည်သူ့ဘက်က ရပ်တည်တဲ့ ဘယ်စစ်ဆင်ရေးကိုမဆို ကြိုဆိုပါတယ်။ ပရိုကျပြီးစစ်ရေးပြည့်ဝတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြိုင်တူအုံကြွလိုက်တော့ ကျနော်တို့ စစ်ကိုင်းတိုင်း အညာဒေသကအဖွဲ့တွေ ပြည်သူတွေ အသက်ရှူချောင်လာတာပေါ့ဗျာ။" လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

#မြေလတ်အသံ

#၁၀၂၇စစ်ဆင်ရေး #ဆုတောင်းသပိတ် #အညာ #သတင်း #ညီနောင်မဟာမိတ် #စစ်ကိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10