၁၀၂၇ ဒုတိယပိုင်း မတ္တရာက စစ်စခန်း ၈ ခုကို သိမ်းပိုက်ပြီး လက်နက် ၁၀၀ ကျော်ရ

၁၀၂၇ ဒုတိယပိုင်း မတ္တရာက စစ်စခန်း ၈ ခုကို သိမ်းပိုက်ပြီး လက်နက် ၁၀၀ ကျော်ရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်ပြီး လက်နက် ၁၀၀ ကျော်ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ဇူလိုင်လ ၂ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၅ ရက်က စတင်ကာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မန္တလေးတိုင်းနယ်စပ်နဲ့ ရှမ်းမြောက်ဒေသတွေက နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မတ္တရာစတဲ့မြို့နယ်တွေမှာ ဒီကနေ့ထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။

စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရှမ်းမြောက်‌ဒေသဖြစ်တဲ့ နောင်ချိုနဲ့ ကျောက်မဲမြို့က တပ်စခန်းအများစုကို ညီနောင်မဟာမိတ်တပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ထားနိုင်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးစတင်ပြီး ၇ရက်အကြာမှာတော့ မတ္တရာမြို့နယ်ထဲက အင်ကြင်းမြိုင်စခန်း (၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး)၊ ဆည်တော်စခန်း ၊ ပန်းသလဲတောင်စခန်း ၊ ရေစိုတောင်စခန်း ၊ နေကျော်တောင်စခန်း ၊ ရွှေပုထိုးစခန်း ၊ ကျောက်ခလုတ်စခန်း၊ မြေနီတောင်စခန်း (Alpha ဘိလပ်မြေစက် ရုံရဲ့ စိုးမိုးကုန်း) စတဲ့ စစ်ကောင်စီစခန်း ၈ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံတဲ့ စစ်သား ၆၄ ဦးကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး သုံ့ပန်း မိသားစုဝင် ၁၁၇ ဦးကိုလည်း ထိန်းသိမ်းထားကာ စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီး/လက်နက်ငယ် ၁၂၅လက်၊ ကျည်ဆန်မျိုးစုံနဲ့ လက်နက်ဆက်စပ်ပစ္စည်း မျိုးစုံတို့ကို သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းကိုလည်း စစ်ဆင်ရေးစတင်တဲ့နေ့ကတည်းက ပူးပေါင်းတပ်ဖွဲ့ တွေက ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ကြီး/လက်နက်ငယ် ၃၀နဲ့ စစ်သုံ့ပန်း ၁၅ ဦးကျော် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးနဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့လည်း ပူးပေါင်းပါဝင်နေတယ်လို့ သိရပါတယ်။

သတင်း-ချယ်ရီ

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #၁၀၂၇စစ်ဆင်ရေး #အပိုင်း၂ #တိုက်ပွဲသတင်း #စခန်းသိမ်းပိုက် #MDYPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10