၁၀၂၇ ရဲ့ တကျော့ပြန်စစ်ဆင်ရေး တော်လှန်ရေးအဖွဲ့တွေ အောင်ပွဲဆက်တိုက်ရနေ

၁၀၂၇ ရဲ့ တကျော့ပြန်စစ်ဆင်ရေး တော်လှန်ရေးအဖွဲ့တွေ အောင်ပွဲဆက်တိုက်ရနေ

မန္တလေးတိုင်းနယ်စပ်နဲ့ ရှမ်းမြောက်ဒေသတို့မှာ ဇွန် ၂၅ ရက်ကစပြီး ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်ခဲ့ရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းအောင်ပွဲတွေ ဆက်တိုက်ရရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၂၇ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နောင်ချိုနဲ့ မန္တ‌လေးတိုင်းက မိုးကုတ်၊ မတ္တရာ စတဲ့မြို့နယ်တွေကို ထိုးစစ်ဆင်နေကြတာဖြစ်ပါတယ်။ 

အဆိုပါ တိုက်ပွဲတွေကို တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး၊ မိုးကုတ် ဗျူဟာ တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄၊ တပ်ရင်း ၅၁၃၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊  မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်နေကြတာ လည်း ဖြစ်ပါတယ်။

ဇွန် ၂၆ ရက်မှာ နောင်ချို မြို့အခြေစိုက် ခမရ ၁၁၅ တပ်ရင်းကို  သိမ်းပိုက်ထားနိုင်ခဲ့ပြီး ခမရ ၁၁၄ နဲ့ ၆၀၆ အမြောက်တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ MDY-PDF က မနေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်မှာလည်း ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်း၊ ရေစိုတောင်စခန်း၊ ၆၀၆ ဒုံးတပ်ရင်း စတဲ့စခန်းတွေကို  သိမ်းပိုက်ရရှိထားပြီး ခမရ ၁၁၄ နဲ့ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်ကိုလည်း သိမ်းပိုက်နိုင်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မြေပြင်ရဲဘော်တွေထံမှ မြေလတ်အသံသတင်းဌာန စုံစမ်းသိရှိချက်အရ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

စစ်ဆင်ရေးစတင်ပြီး ၂ ရက်အတွင်း ရှမ်းမြောက်ဒေသမှာရှိတဲ့ စစ်ကောင်စီစခန်း ၂၄ ခုကို သိမ်းပိုက်ထားနိုင်တယ်လို့ TNLA က‌လည်း ဇွန် ၂၆ ရက် မနေ့ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ဒေသနဲ့ တရုတ်နယ်စပ် ဒေသတွေမှာ တိုက်ပွဲစစ်‌မျက်နှာပြင် ပိုကျယ်ပြန့်ခဲ့ပြီး အခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား ဟိုင်ဂင်အပစ်ရပ်ရေးသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြီး ၄ လအကြာ ဇွန် ၂၅ ရက်မှာ ၁၀၂၇ တကျော့ပြန်စစ်ဆင်ရေး ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ 

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ရှမ်းမြောက် #၁၀၂၇ #စစ်ဆင်ရေး #အမျိုးသားညီညွတ်ရေးအစိုးရ #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10