“၂ ရက်အတွင်းကတော့ လာရောက်လျှောက်တဲ့သူ ၂၀၀ ကျော်လောက်ရှိပါတယ်” (အင်တာဗျူး)

“၂ ရက်အတွင်းကတော့ လာရောက်လျှောက်တဲ့သူ ၂၀၀ ကျော်လောက်ရှိပါတယ်” (အင်တာဗျူး)

အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(Burma Liberation Democratic Front - BLDF)က တပ်သားသစ်တွေခေါ်နေပါတယ်။

ဗကသများအဖွဲ့ချုပ်(မုံရွာခရိုင်)နဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တ.က.သ)များကွန်ရက်-မုံရွာတို့မှ ကျောင်းသားနဲ့ တော်လှန်သောလူငယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ BLDF ဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်း (EROs)တွေဆီက အခြေခံစစ်ပညာကို သင်ယူလေ့ကျင့်ခဲ့တဲ့ လူငယ်ရဲဘော်တွေ၊ ကျောင်းသားတွေနဲ့ စနစ်တကျ စုစည်းဖွဲ့စည်းထားတဲ့ တော်လှန်ရေးတပ်ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြဌာန်းပြီးတဲ့နောက် BLDF မှ တပ်သားသစ်တွေခေါ်ယူနေတာနဲ့ပတ်သက်လို့ BLDFရဲ့ စစ်ဒေသ (၁) စစ်ရေးတာဝန်ခံ ရဲဘော်ဂျွန်ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

 

မေး။ ။ တပ်သားသစ်တွေ ခေါ်ယူနေတာနဲ့ပတ်သက်ပြီး အရင်ဆုံးပြောပြေပေးပါလား။ 

ဖြေ။ ။တပ်သားသစ်ခေါ်တာကတော့ အကြောင်းရင်း နှစ်ချက်ကြောင့်ပါ။ အဲ့ဒါကတော့ ၁၀၂၇ နောက်ပိုင်းမှာ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးဟာ တဆစ်ချိုး ပြောင်းလဲတဲ့ အချိုးအကွေ့တခုလို ဖြစ်လာတယ်ပေါ့။ ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့  ကျနော်တို့ရဲ့ ခြေကုပ်နယ်မြေတွေကို ပိုမိုချဲ့ထွင်လိုတဲ့ အတွက်ကြောင့်ပါ။ ဒါက ပထမ အချက်ပေါ့။

ဒုတိယ တချက်က စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေပေါ့နော်။ ဒီဥပဒေဟာ နိုင်ငံကို အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားတဲ့ တရားမဝင် ဥပဒေတရပ်သာ ဖြစ်တယ်။ ဒါကို ပြည်သူတွေ လက်မခံဖို့ လိုတယ်။ အမှန်တရားအတွက် ဒီ့ထက်ပိုပြီး တိုက်ပွဲဝင်ဖို့ တွန်းအားတရပ်သာဖြစ်တယ်။ ပြည်သူလူထုအနေနဲ့ ရရာနည်းလမ်းကနေ ဆက်လက် တိုက်ပွဲဝင်နေဖို့လိုတယ်။ 

ထောက်ပို့နိုင်တဲ့သူက ထောက်ပို့၊ သပိတ်တိုက်ပွဲမှာ ပါဝင်ပူးပေါင်းနိုင်တဲ့သူတွေက ပါဝင်ကြဖို့နဲ့ လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ စိတ်အားထက်သန်တဲ့ သူတွေကလည်း တိုက်ပွဲဝင်ဖို့ လိုတယ်ပေါ့။  

အဲ့လိုမှ မဟုတ်ရင် ဒီအကြမ်းဖက်စစ်တပ်ဟာ ဒီ့ထက်ပိုဆိုးရွားတဲ့ ဥပဒေတွေနဲ့ ပြည်သူကို ပိုပိုပြီး ချနင်းဖို့ ဝန်မလေးဘူးဆိုတာ ကျနော်တို့ သိဖို့လိုတယ်။ အဲ့အတွက်ကြောင့် လက်နက်ကိုင်တိုက်ပွဲဝင်လိုတဲ့ လူငယ်တွေ အနေနဲ့ ကျနော်တို့ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) နဲ့ လာရောက်ပူးပေါင်းပြီး တိုက်ပွဲဝင်နိုင်တယ်ဆိုတာ ကြေငြာလိုက်တဲ့ သဘောပါပဲ။

မေး။ ။ဝင်လာမယ့်သူတွေကို ဘာတွေ ပြင်ဆင်လာဖို့ မှာချင်တာရှိလဲ။

ဖြေ။ ။ အဓိက ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာပေါ့။ ပြီးတော့ ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွက် လိုက်ပါလုပ်ဆောင်နိုင်တဲ့ ကျန်းမာရေးရှိရမယ်။ ကောင်းမွန်ရမယ်ပေါ့။ ပြီးတော့ အနည်းဆုံး ၂ နှစ် တာဝန်ထမ်း ဆောင်နိုင်ရမယ်။ ပေးအပ်လာတဲ့ တာဝန်အဆင့်ဆင့်ကို ကျေပြွန်အောင် ထမ်းဆောင်နိုင်ရမယ်။

စစ်တပ်ဖြစ်တဲ့အတွက်ကြောင့် ရှိသမျှ မာန၊ အတ္တတွေ အကုန်ထားခဲ့ရမယ်။ စစ်သည်တော် ကျင့်ဝတ်တွေကို မြဲမြဲ လိုက်နာနိုင်ဖို့၊ အမိန့်ကို လိုက်နာနိုင်ဖို့ စိတ်တွေ ပြင်ဆင်လာသင့်တယ်။

စစ်သင်တန်းတွေကလည်း ကြမ်းတမ်းမယ်။ ခက်ခဲမယ် တိုက်ပွဲမှာ သေနိုင်တယ်။ အစားအသောက်အနေအထိုင်ချို့တဲ့မယ်။ ဒါတွေအားလုံးအတွက် စိတ်တွေ ကြိုတင်ပြင်ဆင်လာဖို့ မှာချင်ပါတယ်။

မေး။ ။တချို့ကလည်း လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆိုတာထက် စစ်တပ်ထဲ မဝင်ချင်လို့ PDF တွေဆီကို ခိုလှုံဖို့ လာတာတွေ ရှိနိုင်တာဆိုတော့။ လက်နက်ကိုင်မယ့်သူတွေကိုပဲ လက်ခံသွားမှာလား။

ဖြေ။ ။ ဟုတ်ကဲ့ ကျနော်တို့လည်း အဲ့ဒါကို နားလည်ပါတယ်။ အဲ့အတွက် ကျနော်တို့မှာ ဌာနတွေ ရှိပါတယ်။ တပ်ဖြစ်နေတဲ့ အတွက်ကတော့ လက်နက်ကိုင်တိုက်ပွဲဝင်နိုင်တဲ့ လူငယ်တွေကို အဓိက စိစစ်ရွေးချယ်သွားမှာပါ။ ဒါပေမယ့် ကျနော်တို့က စစ်ရေးတခုတည်းမဟုတ်ဘဲ လူထုဝန်ဆောင်မှု ပေးတဲ့ ဌာနတွေရှိပါတယ်။ 

ဥပမာ လူထုကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးတာမျိုးတွေ၊ လူထုကို သတင်းအချက်အလက်မျှဝေပေးတာမျိုးတွေ၊ လေကြောင်းအန္တာရာယ်နဲ့ ပတ်သက်တာမျိုး၊ မိုင်းအန္တရာယ် အသိပညာပေးတာမျိုး၊ တချို့ လိုအပ်တဲ့ဒေသတွေမှာ ပညာရေးပိုင်းမှာ ဝင်ရောက်ကူညီပေးတာမျိုးပေါ့။ အဲ့လိုဌာနတွေမှာ သင့်လျော်တဲ့ လူငယ်တွေကိုလည်း ကျနော်တို့  စိစစ်ရွေးချယ်ပြီး လက်ခံသွားမှာပါ။

မေး။ ။အမိန့်ထွက်ပြီးမှ လာဆက်သွယ်သူ‌တွေ ပိုများလာလား။ အရင်ကလည်း ခုလိုပဲ လာဆက်သွယ်ကြလား။

ဖြေ။ ။အရင်ကလည်း တပ်ထဲဝင်တဲ့ ရဲဘော်တွေ ပုံမှန်ရှိပါတယ်။ မနှစ်က ၇ လပိုင်းလောက်နေ ဒီအမိန့် မထွက်သေးခင်အထိ ကျနော်တို့ဆီ တပ်ခွဲတခွဲကျော်စာ ရဲဘော်အသစ်တွေ ဝင်တာမျိုးတွေရှိပါတယ်။ အမိန့်ထွက်ပြီးတော့ ပိုများလာတာပေါ့။ ကျနော်တို့ ရဲဘော်အသစ်ခေါ်ယူတဲ့ ကြေညာချက် ထုတ်ပြန်ပြီးတဲ့ ၂ ရက်အတွင်းကတော့ လာရောက်လျှောက်တဲ့သူ ၂၀၀ ကျော်လောက်ရှိပါတယ်။ စိစစ်ပြီးတော့ လက်ခံ အကြောင်းပြန်နေပါတယ်။

မေး။ ။စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းလို့ ပါသွားခဲ့ရင် ဘာတွေလုပ်ဖို့ ပြောချင်လဲ။

ဖြေ။ ။ အကြောင်းကြောင်းကြောင့် စစ်ကောင်စီရဲ့ စစ်သားစုဆောင်းရေးထဲ ရောက်သွားမယ့် သူတွေကို ပြောချင်တာက တတ်နိုင်သလောက် ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ။ ရအောင်ရုန်းထွက်ပါ။ အကယ်လို့ ရှေ့တန်းစစ်မြေပြင်ကို ပို့ခံရခဲ့ရင်တောင် အမြန်ဆုံး လက်နက်ချ ကျနော်တို့ဘက်ခိုလှုံပါ။ လက်နက်ချတဲ့ ဘယ်သူ့ကိုမဆို ကျနော်တို့အနေနဲ့ စစ်သုံ့ပန်းမူဝါဒနဲ့အညီ ကာကွယ်စောင့်ရှောက်သွားမယ်ဆိုတာ ပြောချင်ပါတယ်။

 

မေး။ ။ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ။ ။စစ်အာဏာရှင် အမြစ်ပြတ်ရေး လက်နက်ကိုင်တော်လှန်ရေးဟာ လွယ်လွယ်ကူကူနဲ့ အနိုင်ရမယ့် တိုက်ပွဲတခု မဟုတ်ပါဘူး။ အသက်၊ သွေး၊ ချွေးတွေ အများကြီးပေးဆပ်ပြီး တိုက်ရမယ့် ရေရှည်တိုက်ပွဲတခုဖြစ်ပါတယ်။ ကျနော်တို့တွေ ဒါကို သေချာနားလည်ကြဖို့ လိုအပ်တယ်။

ပြောက်ကျားစစ်ကနေ သမားရိုးကျစစ်တွေဖြစ်တဲ့ စခန်းသိမ်းတွေ၊ မြို့သိမ်းတွေလို တိုက်ပွဲတွေကို မကြောက်မရွံ့ အသက်တွေရင်းပြီး တိုက်ကြရမယ်ပေါ့။ ပြည်သူများလည်း အားတင်းထားပါ အမြန်ဆုံး အိမ်ပြန်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ အချိန်တခုရောက်ရင် ကျနော်တို့ အမေ့အိမ်ကို ပြန်ရောက်ကြမယ်လို့ မျှော်လင့်ပါတယ်လို့ ပြောချင်ပါတယ်။

 

#မြေလတ်အသံ

#အင်တာဗျူး #BLDF #တပ်သားသစ် #တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10