၂ လအတွင်း မော်လိုက်က ပြည်သူ ၂၀၀ ကျော် စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရ

၂ လအတွင်း မော်လိုက်က ပြည်သူ ၂၀၀ ကျော် စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ ဧပြီလနဲ့မေလ ၂ လအတွင်း ပြည်သူ ၂၀၀ ကျော် စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလလောက်ကစပြီး မြို့ပေါ်ကပြည်သူတွေနဲ့ ရှားပင်၊ အိုးဘို၊ တိန်းသာ၊ ဆွတ်နန်း၊ ဖဲကဇက်၊ မော်လိုက်ကလေး၊ တွန်းပင် စတဲ့ရွာတွေက ပြည်သူတွေကို စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

“တချို့ကျ (စစ်သင်တန်းတက်ဖို့) မဝင်နိုင်ရင် သိန်း ၁၀၀နဲ့ လူငှားရတဲ့အနေထားမျိုးမှာ မငှားနိုင်တော့ ဝင်ရတယ်။ မလိုက်ရင် အိမ်မီး‌ရှို့တာ၊ ဖျက်စီးတာတွေရှိတာဆိုတော့ မဝင်လည်းမဖြစ်၊ ထွက်ပြေးရင်လည်း အိမ် ဖျက်ဆီးခံရမှာစိုးလို့ ပါသွားကြတယ်။ တချို့ကျ လိုလိုလားလားနဲ့ ဝင်ကြတယ်။”လို့ မော်လိုက်ဒေသခံ တဦးက ပြောပါတယ်။

အသက် ၁၈ နှစ်‌‌ကနေ ၃၅ နှစ်အကြား အမျိုးသား ၂၀၀ ကျော်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီအရေအတွက်ဟာ လက်လှမ်းမီသလောက် ကောက်ယူစုစည်းထားတဲ့ အရေအတွက်ဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး အချက်အလက်စုစည်းနေသူတဦးဆီက သိရပါတယ်။

ဖမ်းဆီးပြီးနောက် မော်လိုက်မြို့အခြေစိုက် ခမရ ၃၆၅ ကို ခေါ်သွားပြီး သွေးစစ်၊ ဆေးစစ်တာတွေ လုပ်ကာ သတ်မှတ်ထားတဲ့လူပမာဏပြည့်ရင်တော့ ကလေးမြို့ ဒကစနဲ့ စကခ ၁၀ ထဲကိုပို့ဆောင်ပြီး ပြည်သူ့စစ် သင်တန်းပေး‌နေတယ်လို့ ဆိုပါတယ်။ 

အဖမ်းခံရသူတွေကို ဧပြီလ တတိယပတ်မှာ လူဦးရေ ၈၀ ကျော်၊ မေလ ပထမ ပတ်မှာ ၅၀ ကျော်၊ ဇွန်လ ပထမပတ်မှာ ၇၀ ကျော် စသဖြင့် စစ်သင်တန်းတက်ဖို့ ကားတွေနဲ့ ကလေးမြို့ကို ပို့ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

ခုလိုတွေဖမ်းဆီးနေတဲ့အတွက် မော်လိုက်မြို့ပေါ်က ဒေသခံတွေဟာ ည ၆ နာရီကျော်တာနဲ့ အပြင်မထွက်ရဲ တော့ဘဲ သတိနဲ့နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မြို့ပေါ်မှာက ၆ နာရီကျော်ဆို အိမ်တွေက မီးမှိတ်ပစ်လိုက်တယ်။ အဲ့နောက်ပိုင်း အပြင်ထွက်တာနဲ့ ပေါ်တာဆွဲတယ်။ မြို့ကကျဉ်း ပြေးစရာမရှိတော့ အဆွဲခံရရင်တောင် ကြောက်လို့ ငြိမ်နေရတဲ့ပုံစံမျိုး။ မြို့ကကျဉ်း နောက်ကလည်းတောင် ရှေ့ကလည်းမြစ်ဆိုတော့ ပြေးပေါက်မရှိ ခက်ခဲတယ်။”လို့ ပြောပါတယ်။ 

နေအိမ်တွေကို ဝင်ဖမ်းချိန်မှာ ရှောင်တိမ်းနေသူတွေကိုလည်း ၃ လအတွင်း အိမ်ကို ပြန်မလာပါက နေအိမ် ချိပ်ပိတ်လို့‌ရကြောင်းနဲ့ ထောင်ချကာ ၃ နှစ် စစ်မှုထမ်းရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၄ ရက်ကလည်း မကွေးတိုင်း၊ မင်းတုန်းမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေက အမျိုးသားအမျိုးသမီး ၃၀ ကျော်ကို စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

ပုံစာ - စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စုဆောင်းခံရသူအချို့။ (စစ်ကောင်စီတယ်လီဂရမ်)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မော်လိုက် #စစ်ကောင်စီ #အဓမ္မဖမ်းဆီး #ပြည်သူ့စစ်သင်တန်း #ပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10