၆ နာရီအတွင်းဖြစ်မယ့် မုန်တိုင်းကြောင့် မြေလတ်ဒေသအပါ နိုင်ငံအနှံ့ မိုးသက်လေပြင်းကျနိုင်

၆ နာရီအတွင်းဖြစ်မယ့် မုန်တိုင်းကြောင့် မြေလတ်ဒေသအပါ နိုင်ငံအနှံ့ မိုးသက်လေပြင်းကျနိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)ဟာ အားကောင်းလာပြီး လာမယ့် ၆ နာရီအတွင်း မုန်တိုင်းအဖြစ်ကို ရောက်ရှိကာ အဲဒီမုန်တိုင်းအရှိန်ကြောင့် အညာဒေသအပါအဝင် ပြည်နယ်နဲ့ တိုင်းအများစုမှာ မိုးသက်လေပြင်းကျပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက မေ ၂၄ ရက် ဒီမနက် ၇ နာရီမှာ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

အဲဒီ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာ နိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့  ခန့်မှန်းထားပါတယ်။

အဲဒီနောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မေ ၂၅ ရက် မနက်ဖြန်မနက်ပိုင်း ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ် ရောက်ရှိနိုင်ကာ မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ အားကောင်းလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၂၆  ရက် ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ယင်းနဲ့  ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ရောက်ရှိနိုင်တယ်လို့  ဆိုပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီမနက်ကနေ လာမယ့် မေ ၂၇ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာပြီး၊ အချို့နေရာတွေမှာ ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ် နိုင်တယ်လို့  သိရပါတယ်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးကာ ရေပြင်/မြေပြင်လေဟာ မေ ၂၄  ရက်ကနေ ၂၅ ရက် အတွင်း တနာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေကျပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးပြီး  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ မေ  ၂၄ ရက်မှာ တနာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့် ၉ ပေမှ ၁၃ ပေခန့်နဲ့ မေ ၂၅ ရက်ကနေ ၂၆ ရက်အတွင်း တနာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

ဒါ့အပြင်  ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေစတဲ့ သဘာဝဘေး အန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက်   ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့လည်း ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုကြဖို့နဲ့ ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊‌ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြု နိုင်ဖို့  အကြံပြုထားပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မုန်တိုင်း #ရာသီဥတု #လေဖိအားနည်းရပ်ဝန်း #မုန်တိုင်းငယ် #သဘာဝဘေးအန္တရာယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10