AA တပ်ဖွဲ့ဝင်တွေ ခေါ်လာတယ်စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ယာဥ်မောင်းလင်မယား မိသားစုနဲ့တွေ့ခွင့်မရသေး

AA တပ်ဖွဲ့ဝင်တွေ ခေါ်လာတယ်စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ယာဥ်မောင်းလင်မယား မိသားစုနဲ့တွေ့ခွင့်မရသေး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာက အသက် ၄၀ အရွယ် ယာဥ်မောင်း ဦးပေမိုးနဲ့ ဇနီးဖြစ်သူ ဒေါ်နန်းချယ်ရီအေးတို့ကို ပြီးခဲ့တဲ့ မေ ၃၀ ရက်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဲ့ဒီနေ့က ရခိုင်ဘက်ကိုပြန်မယ့် လူငယ်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဦးပေမိုးက ကားနဲ့ခေါ်လာချိန် ပဒါန်း-အမ်း ကာလမ်းပေါ်ရှိ ကြက်ရေစမ်း စစ်ကောင်စီဂိတ်အရောက်မှာ ကားပေါ်ပါ လူ ၄ ဦးစလုံးကိုစစ်ဆေးပြီး ငဖဲမြို့နယ်ရဲစခန်းကို ဖမ်းခေါ်သွားခဲ့တာပါ။ 

“လူငယ် ၃ ဦးကို (အာရက္ခတပ်တော်) AA လို့ စွပ်စွဲပြီး ပြဿနာရှာတယ်။ ရဲစခန်း‌ရောက်တော့ ရခိုင်လူငယ်တွေက စခန်းအပြင်မှာနေရပြီး ကိုပေမိုးကို ငဖဲမြို့နယ်ရဲစခန်းအချုပ်မှာ ချုပ်ထားတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဦးပေမိုးဟာ သူပိုင် အိမ်သုံး Canter ကားနဲ့ ရခိုင်ပြည်နယ်ဘက်ကို ဘိလပ်မြေအိတ်တွေ သွားပို့ချိန်မှာ လူငယ် ၃ ဦးကို တင်လာတာဖြစ်ပြီး ဘယ်နေရာကနေ တင်လာတယ်ဆိုတာကိုတော့ အတိအကျမသိရဘူးလို့ သူက ဆက်ပြောပါတယ်။ 

အဲဒီနောက် ၂ ရက်အကြာ ဇွန် ၂ ရက်မှာ ဦးပေမိုးရဲ့ဇနီး ဒေါ်နန်းချယ်ရီအေးကိုပါ သူတို့နေထိုင်တဲ့အိမ်ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

လက်ရှိအချိန်ထိ ဦးပေမိုးတို့လင်မယားကို ငဖဲမြို့နယ်ရဲစခန်းအချုပ်ထဲကိုချုပ်ထားပြီး ဇွန် ၁၂ ရက် ဒီကနေ့အထိ မိသားစုနဲ့တွေ့ခွင့်မပေးသလို လူငယ် ၃ ဦးရဲ့အခြေအနေကိုလည်း မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ 

ဦးပေမိုးတို့လင်မယား ၂ ဦးစလုံးအဖမ်းခံလိုက်ရတဲ့အတွက် အိမ်မှာကျန်ရစ်ခဲ့တဲ့ အသက် ၁၈ နှစ်ဝန်းကျင် သမီး ၁ ဦးနဲ့ အရွယ်မရောက်သေးတဲ့ ကျောင်းနေအရွယ်ကလေးငယ် ၂ ဦး စုစုပေါင်း သားသမီး ၃ ဦးကို ဆွေမျိုးတွေက စောင့်ရှောက်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - ဖမ်းဆီးခံထားရသည့် ဦးပေမိုးနှင့် ဇနီး ဒေါ်နန်းချယ်ရီအေး။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ငဖဲ #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10