"လွတ်ငြိမ်းသည် မင်းအောင်လှိုင်အတွက် တရားဝင်မှုမရှိ"

"လွတ်ငြိမ်းသည် မင်းအောင်လှိုင်အတွက် တရားဝင်မှုမရှိ"

တိုင်းပြည်ကို အကြမ်းဖက်၊ အာဏာသိမ်းထားတဲ့စစ်အုပ်စုဟာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ နာမည်ကြီး နိုင်ငံရေးသမားတွေအပါအဝင် ဖမ်းဆီးထားသူတချို့ကို လွှတ်ပေးခဲ့ပါတယ်။

လွတ်မြောက်ကြသူတွေအတွက် ပျော်ကြသည်၊ ဝမ်းသာကြသည်ပေါ့။ ၂၀၂၂ ရဲ့နှစ်ကုန်ပိုင်းကို ရောက်လာပြီး မကြာခင်မှာ ၂၀၂၃ ဟာ နွေဦးတော်လှန်ရေးအတွက်ရော၊ မင်းအောင်လှိုင် အုပ်စုအတွက်ပါ အဖြေတစ်ခုထွက်လာမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။

လွတ်ငြိမ်းလား လွှတ်ပေးတာလား

အရပ်သားရွေးကောက်ခံစနစ်မှာ အများပြည်သူကရွေးချယ်ပေးထားပြီး တရားဝင်မှုရှိတဲ့အစိုးရကို ပြောင်ပြောင်တင်းတင်းအာဏာသိမ်းပြီး ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီး၊ချုပ်နှောင်၊ သတ်ဖြတ်ထားတဲ့ မင်းအောင်လှိုင်အုပ်စုမှာ ပြည်သူထောက်ခံမှုလည်းမရှိသလို တရားဝင်မှု ဆိုတာ လည်း ခုအချိန်ထိ မရှိသေးကြောင်း မြန်မာအပြင် ကမ္ဘာအသိဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ အခုအချိန်မှာ အပြစ်ရှိတဲ့အရပ်သားဆိုရင်တောင် ဖမ်းဆီးထောင်ချခွင့်မရှိတဲ့ အကြမ်းဖက်လက်နက်ကိုင်အုပ်စုတစ်ခုသာဖြစ်တယ်။ ဥပဒေဆိုတာကလည်း အာဏာသိမ်းထားတဲ့ ကာလမဆိုနဲ့ အရှေ့အစိုးရကာလတွေမှာ Failed Law ဖြစ်နေခဲ့ရတာကြာခဲ့ပါပြီ။

ဒါကြောင့် အာဏာသိမ်းကာလအတွင်း လွတ်ငြိမ်းလို့ခေါင်းစဉ်တပ်ထားသမျှဟာ လွတ်ငြိမ်းမဟုတ်ဘဲ မတရားဖမ်းဆီးခံထားရသူတွေကို မင်းအောင်လှိုင်အုပ်စုက သူ့အကျိုးအတွက်လွှတ်ပေးခြင်းသာ ဖြစ်ပါတယ်။

ရှင်ဘုရင်အိပ်မက် အတုအယောင် ၂၀၂၃ ရွေးကောက်ပွဲ

၂၀၂၂ နိုဝင်ဘာလ လွတ်ပေးခဲ့တဲ့အထဲ နာမည်ကြီးနိုင်ငံရေးသမားတွေအပါအဝင် နွေဦးတော်လှန်ရေးနဲ့ သက်ဆိုင်သူတွေတချို့နဲ့ အခြားအမှုသမားတွေကို ရောပြီး အပြလွှတ်ပေး၊ ရောကျိတ်တဲ့ကိစ္စဟာ မင်းအောင်လှိုင်အတွက် နိုင်ငံတကာမှာ ပြစရာ အမှတ်တစ်ခုဖြစ်လာမှာပါ။

အထူးသဖြင့် ဘုရင်ရူးအိပ်မက် ၂၀၂၃ တရားမဝင်ရွေးကောက်ပွဲအတွက် ဖြေလျှော့မှုခေါင်းစဉ်နဲ့ လုပ်စားဖို့ မင်းအောင်လှိုင်ရဲ့ ကလေးကွက်သာဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ပေါင်းပြီး ပြည်သူ့ဘက်ကို မျက်နှာမမူတဲ့ ပါတီတုတွေ၊ တိုင်းရင်းသားခေါင်းစဉ်တပ်ထားတဲ့လက်နက်ကိုင်တွေက မင်းအောင်လှိုင်ဘက်က ညာသံပေး၊ ပြည်သူကို အပျော့ဆွဲပြီး ငြိမ်းချမ်းရေးဆိုတာ စားပွဲဝိုင်းမှာ နိုင်ငံရေးနည်းနဲ့ဆိုတဲ့ ဂျင်းလုံးကို ထပ်ကာ ထပ်ကာကျွေးခိုင်းထားတာလည်း မင်းအောင်လှိုင်ရဲ့ ကလေးကွက်ထဲက တစ်ကွက်သာဖြစ်ပါတယ်။

မကြာသေးခင်က ထွက်ထားတဲ့ ဘိန်းဘုရင် ရွက်ဆစ်ရဲ့ RCSS အဖွဲ့ထုတ်ပြန်ချက်ကို ကြည့်ရင်သိနိုင် ပါတယ်။ ဒီအပြင်မှာတော့ ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်ပြီး တိုင်းပြည်ကိုအမှောင်ချခဲ့တဲ့ နည်းလမ်း ကို သုံးမြဲသုံးနေသေးတာမို့ သီတဂူလိုနာမည်ကြီးပုဂ္ဂိုလ်တွေဟာ မင်းအောင်လှိုင်ရဲ့ ခါးပိုက်ဆောင် ဖြစ်လာတာ နွေဦးတော်လှန်ရေးမှာ ကွင်းကွင်းကွက်ကွက်မြင်ရမှာဖြစ်ပါတယ်။

ဒီဘုရင်ရူးအိပ်မက်အတွက် ဖမ်းထားသူတွေကို လိုသလို ကလိမ်ဉာဏ်ဆင်ပြီး ကစားပြ၊ အာဆီယံလို သုံးစားမရတဲ့အစုအဖွဲ့ကနေ မင်းအောင်လှိုင်ဟာ ဖြူစင်လာကြောင်း သွေးစိုနေတဲ့လက်နဲ့ ပြလာမယ့် အခါ ဘယ်သူတွေက ထောက်ခံကြမလဲဆိုတာ အံ့ဩ၊ ရင်ခုန်စရာသိပ်မရှိဘဲ စောင့်ကြည့်နိုင်ပါတယ်။

၂၀၂၃ အတုအယောင်တရားမဝင်ရွေးကောက်ပွဲအတွက် နိုင်ငံရဲ့ မြို့တွေကို ပြင်ဆင်ပြောင်းလဲခဲ့ပြီး ခရိုင်မြို့ပြောင်းတာတွေကအစ လုပ်ထားခဲ့ပြီးပါပြီ။ တရားမဝင်ကြောင်းသိသိနဲ့ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးလုပ်ရတယ်ဆိုတဲ့ တခါက နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ပါတီတွေလည်း အပေးအယူတွေနဲ့ ညှိနှိုင်းကြပြီးပါပြီ။

နှပ်ကြောင်းပေးအဖွဲ့ဝင်တွေဖြစ်တဲ့ သိန်းညွန့်၊ ခင်မောင်ဆွေ၊ ကရင်သစ္စာဖောက် မန်းငြိမ်းမောင်တို့ 
အပါအဝင် မင်းအောင်လှိုင်က သူ့လူတွေကို ဂုဏ်ထူး၊ ဘွဲ့တွေပေးပြီး မြှောက်စားထားရပြန်တာ ကလည်း နိုင်ငံရေးသမားတွေကို လွှတ်ပေးတဲ့အချိန်မှာပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူသာထိန်းချုပ်နိုင်စွမ်းရှိဟန်ပြ

ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးသမားတွေဆိုတာ မင်းအောင်လှိုင်အတွက်က ဓါးစာခံပါပဲ။ Dirty Politic ကိုသာ ကောင်းကောင်းအသုံးချခဲ့တဲ့ စစ်တပ်ဆိုတာ ၂၀၀၈ ခြေဥစာအုပ်စိမ်းကြီးက သက်သေ ပြနေပါတယ်။ 

ဒါပေမဲ့ နေဝင်းကစလို့ စောမောင်၊ သန်းရွှေ၊ မင်းအောင်လှိုင်အထိ လျှော့တွက်လို့မရတဲ့ကိစ္စက စိတ်ဓါတ်စစ်ဆင်ရေးပါပဲ။ ဒီနည်းနဲ့ပဲ တိုင်းပြည်ကို စစ်ကျွန်ပြုလာခဲ့တာပါ။ 

၂၀၁၀ အရှေ့ပိုင်းကာလတွေဆိုတာ မြန်မာပြည်ဟာ သတင်းအချက်အလက်အမှောင်ချခံတဲ့ ခေတ်တွေ ဖြစ်တာမို့ စစ်တပ်ထိန်းချုပ်မီဒီယာတွေကနေ ဇာတ်လမ်းတွေ၊ သတင်းတွေကနေ ကာလကြာရှည် ရိုက်သွင်းခဲ့တဲ့ သတင်းမှားတွေကတဆင့် လူထုကို အမြင်ပြောင်းပြီး နိုင်ငံရေးတက်ကြွမှုဘက်ကို ချဉ်းကပ်လို့မရအောင် လုပ်ခဲ့တာပါ။ 

ဒါကြောင့်လည်း ကရင်ဆို ကရင်သူပုန်၊ ကချင်ဆို ကချင်သူပုန်၊ အကြမ်းဖက်သောင်းကျန်းသူတွေဆိုတဲ့ ဆိုက်ဝါးတွေကို ပြည်သူတွေ ချွတ်မရအောင်မိခဲ့တာပါ။ 

နွေဦးတော်လှန်ရေးမှာလည်း မင်းအောင်လှိုင်ဟာ လွတ်ငြိမ်းခေါင်းစဉ်လှလှကိုပြပြီး သူ့မှာ ထိန်းချုပ်နိုင်စွမ်း၊ အစိုးရတစ်ရပ်ရဲ့ ဟန်တွေရှိကြောင်း ပါးပါးလေးရိုက်သွင်းပြလိုက်တာပါပဲ။ 

ဒီလိုလုပ်ခဲ့တဲ့နောက်ထပ်ဥပမာကတော့ ဇော်မင်းထွန်းတို့ဟာ သတင်းစာရှင်းလင်းပွဲဆိုတဲ့ ခေါင်းစဉ်  တပ်ပြီး သူတို့လက်ဝေခံမီဒီယာတွေ၊ အပေးအယူရှိတဲ့ ပြည်ပမီဒီယာတွေနဲ့ အမေးအဖြေကို အတည် အခန့်လုပ်ပြီး လူထုဆီကိုချပြခိုင်းတာမျိုးပါ။

တကယ်တမ်း အဲဒီနေ့က တစ်နိုင်ငံလုံး နိုင်ငံရေးနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက် လာခဲ့တာ ၇၀ ဦးဝန်းကျင်ပဲရှိနေတယ်ဆိုတာ သတင်းပျံ့နှံ့မှုအားနည်းခဲ့ပါတယ်။

ဒါကြောင့် အကျဉ်းထောင်လို့ခေါ်တဲ့ စစ်ခွေးတိုက်တွေဟာ အပြစ်မဲ့ပြည်သူတွေ၊ နိုင်ငံရေးသမားတွေကို ဓါးစာခံဖမ်းပြီး လိုသလို အကြံရှိရှိနဲ့ထုတ်သုံးလို့ရတဲ့နေရာတွေဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ခွေးတိုက်တွေဆိုတာ စောင့်မျှော်စရာမဟုတ်ဘဲ ရိုက်ချိုးပြီး ကယ်ထုတ်ရမယ့် နေရာလို့ နားလည်ထားသင့်ပါတယ်။

လွတ်လာသူတွေနဲ့ပြည်သူကို သင်းခွဲမယ့်အကြံ

လွတ်မြောက်လာတဲ့ နာမည်ကြီးနိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီတိုက်ပွဲတွေမှာ ရှေ့တန်းက ရဲရဲရင့်ရင့်ပါဝင်ခဲ့ကြသူတွေအများစုပါဝင်ပါတယ်။ 

သူတို့လွတ်လာရာမှာ ထောင်ဆိုတဲ့ စစ်ခွေးတိုက်ထဲကနေ အကြမ်းဖက်တွေထိန်းချုပ်ထားတဲ့ ခြံဝန်း ထဲကိုသာလွှတ်ပေးထားတာဖြစ်ပါတယ်။

လွတ်လပ်စွာသွားလာနိုင်ခြင်းမရှိနိုင်ဘဲ ခြုံခိုစောင့်ကြည့်မှုတွေကြားကနေ ကျပ်တည်းစွာနေထိုင်ခိုင်းတာ ဖြစ်လို့ တော်လှန်ရေးအရှိန်မြင့်လာလေလေ စစ်ခွေးတိုက်ကနေ လွတ်မြောက်လာသူတွေဟာ ပါဝင်နိုင် စွမ်းအကန့်အသတ်ရှိနေတာကြောင့် ပြည်သူနဲ့ သင်းခွဲစရာမလိုဘဲ ကွဲသွားစေမယ့်နည်းလမ်းလည်းဖြစ်ပါတယ်။

ပြည်သူတွေဟာ ဒီလောက်တော့ ညံ့မှာမဟုတ်တဲ့အတွက် မင်းအောင်လှိုင်က ဘာလုပ်လုပ် သူ့အတွက် အကျိုးတစုံတရာမရှိဘဲ မလုပ်ဘူးဆိုတာ သတိအမြဲထားမိကြဖို့ပဲလိုပါမယ်။

လမ်းကြောင်းမလွဲနဲ့ မမေ့နဲ့

မြန်မာနွေဦးတော်လှန်ရေးမှာ ဒီနေ့အချိန်အခါမှာဆိုရင် လက်နက်ကိုင်တော်လှန်ရေးအသွင်ကို အားကောင်းကောင်းနဲ့မောင်းနှင်နေပြီဆိုတာ စစ်ကိုင်းတိုင်းလို ဗမာသူပုန်များ ရှိတဲ့ နေရာတစ်ခုနဲ့တင်သက်သေပြလို့လုံလောက်ပါတယ်။

လူမျိုးစုလက်နက်ကိုင်ဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း မင်းအောင်လှိုင်ကို ချေမှုန်းတိုက်ခိုက်နိုင်နေတာကြောင့် လေကြောင်းမှမသုံးရင် မရတဲ့အခြေအနေပိုပြီးဖြစ်လာနေပါတယ်။

“မြို့ပေါ်မှာ ပျော်ပွဲ၊ တောမှာ သေပွဲ”ဆိုတဲ့ မြင်ကွင်းတွေဟာ တော်လှန်ရေးကျင့်ဝတ်သိက္ခာအရ မဖြစ်သင့်ကြတာမို့ ဒေသအသီးသီးက သပိတ်အင်အားစုတွေ၊ စစ်ရှောင်ပြည်သူတွေ၊ စစ်မှန်တဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့မှု၊ အားထားမှု၊ မျက်ခြေမပျက်မှုတွေနဲ့ ဦးညွတ်နေကြဖို့လည်း လိုအပ်ပါတယ်။

ပြည်လုံးကျွတ်တိုက်ပွဲအတွက်ပြင်ဆင်ကြ

ပြည်သူတွေဟာ ရှင်ဘုရင်ခေတ်တွေကစလို့ ဒီနေ့အထိ အမြဲမှန်တဲ့ဘက်မှာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ခံလူတန်းစားထဲက အဖိနှိပ်ခံ၊ အောက်ဆုံးအဆင့်ဖြစ်နေလို့ ထားရာနေရတဲ့ဘဝတွေပါ။ နွေဦးတော်လှန်ရေးမှာ ကျပ်တည်းလာတဲ့ပြည်သူတွေဟာ၊ ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေသာမက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ပြင်းပြင်းထန်ထန်ခံစားရပါတယ်။

စစ်ကိုင်းတိုင်းလိုဒေသတွေ၊ လေကြောင်းထိုးစစ်တွေ၊ မီးလောင်တိုက်သွင်းခံရတဲ့ လူမျိုးစုအသီးသီးက တော်လှန်နေတဲ့နေရာတွေက ပြည်သူတွေဟာ အဆိုးရွားဆုံးခံစားကြရပါတယ်။

ဒီကာလမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို ကုစားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ပြည်သူအချင်းချင်း ထူ၊ ကူ၊ ကိုယ်ချင်းစာနာတဲ့လုပ်ရပ်တွေကိုသာ စိတ်ရင်းနဲ့ ပြုလုပ်ကြဖို့ဖြစ်ပါတယ်။

ဖောက်ပြန်တဲ့တော်လှန်ရေးသမားတွေကို ဖယ်ရှားရင်း စစ်အာဏာရှင် အပါအဝင် 
အာဏာရှင်အသီးသီးကို အပြတ်တိုက်၊ အမြစ်ဖျက်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဘယ်လို၊ ဘယ်သူတွေ၊ သဘောတူညီချက်တွေနဲ့ သွားရမှာဖြစ်လို့

မဝေးတော့တဲ့ နေ့သစ်တွေအတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေးအသိ၊ သတိနဲ့ ရှင်သန်နေထိုင်ကြဖို့ပဲရှိပါတော့တယ်။

ရာဇမင်းနိုင်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10