သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့်ကျေးရွာတွေမှာ တောင်ငူခရိုင် အမှတ် ၃၅၀၂ တပ်ရင်း၊ စစ်တောင်းစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်းအတွင်းရှိ NUG ထိန်းချုပ်နယ်မြေထဲက ငလျင်ဒဏ်သင့်ကျေးရွာ ၈ ရွာခန့်ကို မတ် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ နေအိမ်တွေရွှေ့ပြောင်းတာအပြင် ယာယီနေထိုင်ရေးနဲ့ စားသောက်ရေးတွေ ကူညီပေးခဲ့တာလို့ ၃၅၀၂ တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်စွန်ရဲက ပြောပါတယ်။
"အခက်အခဲကတော့ အိမ်ပြန်မဆောက်ပေးနိုင်ပါဘူး၊ အစားအသောက် ကျနော်တို့တတ်နိုင်သလောက် အလှူခံပြီးတော့ ကျွေးတာပါ။ ခုချိန်ထိတော့ သေဆုံးမှုမတွေ့ရသေးပါဘူး"လို့ တောင်ငူခရိုင်အမှတ် ၃၅၀၂ တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်စွန်ရဲက မြေလတ်အသံကိုပြောပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေဆဲဖြစ်တဲ့အတွက် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မသိရသေးဘူးလို့လည်း ဆက်ပြောပါတယ်။
မတ် ၂၈ ရက်ကလှုပ်ခဲ့တဲ့ အင်အား ၇.၇ အဆင့်ရှိတဲ့ ငလျင်ကြောင့် ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ အဆောက်အဦတွေပြိုကျပျက်စီးခဲ့တဲ့အပြင် လူသေဆုံးထိခိုက်မှုတွေ အများဆုံးရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်းငလျင်ဒဏ်သင့်ပြည်သူတွေကို အကူအညီပေးရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ငလျင်ဒဏ်သင့်ဒေသတွေနဲ့ ဆက်စပ်တဲ့ခရိုင်တွေ အတွင်းခုခံကာကွယ်စစ်ကလွဲပြီး ထိုးစစ်အားလုံး မတ် ၃၀ ရက်ကနေ ဧပြီ ၁၂ ရက်နေ့အထိ ၂ ပတ်ကြာရပ်ဆိုင်းထားဖို့ ထုတ်ပြန်ထားခဲ့ပါတယ်။
ဒါ့အပြင် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လိုအပ်တဲ့အကူအညီနဲ့ကာကွယ် စောင့်ရှောက်မှုပေးသွားမယ်လို့လည်းအဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ပဲခူး #ငလျင် #ပြည်သူ #PDF #ကူညီကယ်ဆယ်
Share Share Share