သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ငလျင်ဒဏ်ကြောင့် လူဦးရေ ၆၀၀ သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်းများတာကြောင့် အကူညီတွေလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေထံက သိရပါတယ်။
မြို့မှာရှိနေတဲ့ ဌာနဆိုင်ရာ၊ ပရဟိတ၊ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေ အပျက်အစီးတွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပေမယ့် အပျက်အစီးအထိအခိုက်များတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နိုင်သူတွေနဲ့ စက်ယန္တရားလိုအပ်ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။
"ထိခိုက်သေဆုံးမှုက တော်တော်များတယ်။ အိမ်တိုင်းလိုပျက်စီးတာ။ ကရိန်းကားတွေကလည်း မနေ့ကမှ ရောက်ပြီးဆွဲထုတ်နေတာ။ ဖြစ်တာလည်း ၂ ရက်လောက်ရှိနေပြီဆိုတော့ အနံ့တွေလည်း တော်တော်ထွက်နေပြီ။ ဆေးရုံမှာဆိုလည်း လူနာတွေများလာတယ်။ ဗော်လန်တီယာ ကူညီမယ့်သူတွေ အများကြီးလိုအပ်နေတယ်။"လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။
မတ် ၂၉ ညနေပိုင်းအထိ သေဆုံးသူ ၆၀၀ ကျော်ထားပြီး ထိခိုက်ဒဏ်ရာရသူ ၁၅၀ ကျော်ရှိတယ်လို့ ကူညီကယ်ဆယ်ရေးလှုပ်သူတွေ ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။
စစ်ကိုင်းမြို့ပေါ်မှာ လျှပ်စစ်မီး၊ ရေ ပြတ်တောက်နေသလို ဖုန်းလိုင်းနဲ့အကင်တာနက်လိုင်းတွေလည်း မရတဲ့အချိန်များနေတယ်လို့ ဆိုပါတယ်။
စားနပ်ရိက္ခာ၊ ရေသန့်နဲ့ ဆေးဝါး အရေးပေါ်လိုအပ်နေပြီး အလွယ်တကူမဝယ်နိုင်တာကြောင့် ၂ ရက်လောက် အစာမစားရသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
"စားသောက်စရာလေးတွေက အစိုအခြောက်ကတော့ ကြက်ဥလောက်နည်းနည်းရသေးတယ်။ တကယ်ထိခိုက်ပျက်စီးသွားသူတွေအတွက်ကတော့ ချက်ပြုတ်ဖို့လည်းမရ အိမ်မှာလည်းနေမရတဲ့ သူတွေကများတော့ သူတို့အတွက်က ပိုလိုအပ်နေတာ။"လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။
သွားလာရေးအနေနဲ့ စစ်ကိုင်းတံတားအသစ်ဘက်လည်း အက်ကွဲမှုရှိနေတာကြောင့် မတ် ၂၉ ရက်ကစပြီး ကားအငယ်တွေကို အနည်းငယ်လောက်သာ စမ်းသပ်ပေးသွားနေပြီး ကားကြီးတွေကို သွားလာခွင့်မပြုလို့ ဒေသခံအများစုဟာ ဇက်ရေယာဉ်တွေနဲ့ မန္တလေးဘက်ကိုကူးပြီး စားသောက်စရာတွေ ဝယ်ယူနေကြရပါတယ်။
"ကျနော်တို့ရပ်ကွက်မှာဆို သံဃာတော်တွေနေတဲ့ အဆောက်အဦတွေပြိုကျလို့ သံဃာတွေအတွက် နေရာထိုင်ခင်း ခက်ခဲနေတယ်။ ရေသန့်လိုအပ်တယ်။ မြို့ထဲမှာလည်း ဆိုင်တွေကပိတ်ထားတော့ ဝယ်လို့ကမရဘူး။ ရပ်ကွက်ထဲမှာ ရှိတာလေးတွေ မျှစားနေရတယ်။ အစားအသောက်တွေလည်း လိုတယ်။ မြို့ထဲမှာတောင် ကယ်ဆယ်ရေးမရှိတာ ကျနော်တို့ဘက်က ပိုဆိုးတယ်။ ဘယ်ကယ်ဆယ်ရေးမှ မလာဘူး"လို့ ဆွမ်းချက်ရပ်နေ ပြည်သူတဦးက ပြောပါတယ်။
စစ်ကိုင်းမြို့က အပျက်အစီးများတာကြောင့် အပျက်အစီးတွေအောက် သေဆုံးထိခိုက်နေသူတွေကို မတ် ၃၀ ရက် ဒီနေ့အထိဆက်လက်ရှာဖွေနေရပြီး ဒီအပျက်အစီးတွေကိုတော့ ရှင်းလင်းနိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ငလျင် #ကယ်ဆယ်ရေး #အကူအညီ
Share Share Share