စစ်ကိုင်းမြို့မှာ သောက်ရေနဲ့ကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေဆဲ     ◼ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ဖို့လည်း လိုအပ်နေ

စစ်ကိုင်းမြို့မှာ သောက်ရေနဲ့ကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေဆဲ  ◼ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ဖို့လည်း လိုအပ်နေ

 

ငလျင်ဒဏ်ကြောင့် မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးပြီး လူရာချီသေဆုံးခဲ့တဲ့ စစ်ကိုင်းမြို့မှာ သောက်ရေနဲ့ ကူညီကယ်ဆယ်ရေးတွေ အရေးပေါ်လိုအပ်လျှက်ရှိနေသေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

မြို့ပေါ်ရှိ သောက်ရေသန့်ထုတ်လုပ်တဲ့စက်ရုံတွေ အကုန်လုံးနီးပါး ပြိုကျပျက်စီးတာ၊ မပျက်စီးတဲ့စက်ရုံတွေအနေနဲ့လည်း လျှပ်စစ်မီးမရတာ၊ စက်သုံးဆီဝယ်မရတာတွေကြောင့်  ရေသန့်မထုတ်လုပ်နိုင်တဲ့အတွက် သောက်ရေရှားပါးမှုကို ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။ 

"လက်ထဲ ပိုက်ဆံရှိနေကြပေမယ့် သောက်ရေအတွက် ဝယ်ဖို့ခက်ခဲနေပါတယ်။ ရေသန့်စက်ရုံတွေကလည်း မလည်ပတ်နိုင်သေးတော့။ မန္တလေးဘက်ကနေ ရှားရှားပါးပါးဝယ်ရတာကလည်း ၁ လီတာ ၁ ဗူးကို ၇ ထောင်ကနေ ၈ ထောင်အထိရှိတယ်။" လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ စစ်ကိုင်းမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

အများဆုံးပျက်စီးမှုရှိခဲ့တဲ့ ပိုးတန်း၊ မင်းလမ်း၊ ပန်းဘဲတန်းစတဲ့ ရပ်ကွက် ၃ ခုမှာ ပိတ်မိသေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မတ် ၃၁ ရက် ဒီနေ့လယ်အထိ မထုတ်ယူနိုင်သေးတာကြောင့် ထွက်လာတဲ့အပုပ်နံ့ဒဏ်ကိုလည်း ခံစားနေကြရတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ မြို့ခံပြည်သူတွေအကုန်လုံးမှာ ကားလမ်းဘေးတွေ၊ ဘောလုံးကွင်းတွေ၊ ကမ်းနားလမ်းတွေမှာ တဲထိုးပြီး ဖြစ်သလိုနေထိုင်၊ စားသောက်နေကြရတယ်လို့ ဆိုပါတယ်။ 

"အဆင်ပြေသလို လတ်တလော နေထိုင်ကြတာပါဗျာ။ အိမ်မပြိုတဲ့သူတွေကလည်း ငလျင်မငြိမ်သေးတော့ မြေကွက်လပ်တွေမှာအ ဆင်ပြေသလိုနေထိုင်ကြတာပါ။"လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ စစ်ကိုင်းမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

စက်သုံးဆီဆိုင်တွေ အရောင်းပိတ်ထားတာကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့စက်သုံးဆီကို ပရဟိတအသင်းတွေမှာရှိထားတဲ့ဆီတွေကိုပဲ အစားထိုးအသုံးပြုနေတယ်လို့ နောက်ထပ် မြေပြင်မှာကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။

ဒါ့အပြင် စားသောက်ကုန်တွေကို အလွယ်တကူဝယ်လို့မရတဲ့အတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေလည်းလိုအပ်နေပြီး လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ 

"ရပ်ကွက်အစုံကတော့ လဟာပြင်မှာ တဲထိုးနေတာတို့ မိုးကာတဲလေးထိုးနေတာတို့ရှိတယ်။ အချို့ကျတော့ လမ်းပေါ်မှာ ထွက်အိပ်တယ်။ စာသင်ကျောင်းဝန်းတွေနဲ့ ဘောလုံးကွင်းတွေထဲမှာပေါ့။ လောလောဆယ် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတာမရှိဘူး။"လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ်မှာ သေဆုံးသူ ၆၀၀ နဲ့ ဒဏ်ရာရသူ ၂၀၀ ဦးအထိရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ မတ် ၃၀ ရက်အထိ ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။ 

စစ်ကိုင်းမြို့ပေါ်ကို မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တခြားဒေသကကူညီ ကယ်ဆယ်ရေးအဖွဲ့တွေလည်းရောက်ရှိနေကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။ 

ဒီမနက်ပိုင်းထိ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းအချို့လည်း ပြတ်တောက်နေပြီး အပျက်အစီးတွေအောက်မှာ  သေဆုံးထိခိုက်နေသူတွေကို မတ် ၃၁ ရက်အထိ ဆက်လက်ရှာဖွေကာ အလောင်းတွေလည်း ထပ်မံတွေ့ရှိနေပြီး အပျက်အစီးတွေကိုတော့ ရှင်းလင်းနိုင်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကိုင်းငလျင် #သေဆုံး #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10