"အညာနွေမှာ စစ်မီးဒဏ်နဲ့ ကြုံရပြန်တဲ့ ဒေသခံတွေ"

"အညာနွေမှာ စစ်မီးဒဏ်နဲ့ ကြုံရပြန်တဲ့ ဒေသခံတွေ"

ရေးသူ - ဇေယျ

မြို့ပြတွေလိုပဲ အပူပိုင်းဒေသက စစ်ရှောင်စခန်းတွေမှာ အပူချိန်တွေ ဆက်တိုက်မြင့်နေလို့ နေစရာမရှိလောက်အောင် ဖြစ်နေပါတယ်။

ထန်းလက်တွေကိုအမိုးလုပ် အရိပ်ရတဲ့နေရာတွေမှာ အစုလိုက် အစုလိုက် ထိုင်နေကြတဲ့ လူတချို့ဟာ ၄၃ ဒီဂရီကျော်တဲ့ မြန်မာပြည်အပူပိုင်း ဒေသရဲ့ နေ့ခင်းဘက် နွေအပူဒဏ်ကို ရင်ဆိုင်နေရပါတယ်။

သက်ကြီးရွယ်အိုနဲ့ ကလေးတွေကိုပိုဦးစားပေးပြီး အရိပ်ရှိတဲ့ နေရာတွေကို ထိုင်ခိုင်းကြရပါတယ်။ သူတို့ဟာ ရွာတွေနဲ့ ဝေးတဲ့ တောစပ်တွေမှာ လက်ရှိနေထိုင်စားသောက်နေကြရသူတွေပါ။

ဒီလူတွေ ကတော့ မကွေးတိုင်း ပေါက်မြို့နယ်မှာ ပျောက်သွားတဲ့ စစ်ကောင်စီရဲ့ တွဲကား ၃စီးကို ရှာရင်းမီးရှို့ ခံလိုက်ရတဲ့ ရေကျော်ရွာက ‌ဒေသခံတွေဖြစ်ပါတယ်။

ရေကျော်ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၆ရက်ညပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ကြောက်ကြောက် လန့်လန့်နဲ့ ရှိသမျှပိုင်ဆိုင်မှုတွေ အကုန်ထားခဲ့ပြီး လက်ဗလာနဲ့ ရွာရဲ့ဝေးရာ တောစပ်တောင်ခြေတွေအထိ မှောင်မှောင်မဲမဲ ထွက်ပြေးခဲ့ကြရသူတွေပါ။

ဒီလို ထွက်ပြေးနေရတဲ့အချိန်မှာပဲ အနှစ်နှစ် အလလ စုဆောင်းပြီး တည်ဆောက်ထားတဲ့ သူတို့ရဲ့ နေအိမ်တွေဟာ ညအမှောင်အောက်မှာ တခဏချင်း မီးလောင်ပြာကျသွားခဲ့ရပါတယ်။

"လေယာဥ်ကြီးတွေက ဝဲလာတော့ ကြောက်ပြီးတော့ ဝေးဝေးကိုထွက်ပြေး… ညတွင်းချင်း အဝေးကို ရောက်အောင်ပြေး ကျမတို့ တောကြားထဲမှာ ကန္တာရဆူးတွေ စူး၊ အပင်တွေ အကြိုအကြားတွေထဲမှာ ငုံ့ပြီး ပြေး တစ်ညလုံး ပြေးခဲ့ရတာ" လို့ အဲ့ဒီညက အခြေအနေကို ရေကျော်ရွာသူ ဒေါ်ညို က ပြောပါတယ်။

ဒေါ်ညိုတို့ကတော့ ဗုံးသံ ‌လေယာဉ်သံတွေကို ခုမှ ကိုယ်တိုင်တွေ့ ကြုံရပေမယ့် အဖွားဖြစ်သူကတော့ ငယ်ငယ်တုန်းက ခဏခဏ ပြောပြဖူးပါတယ်။

" အမေကြီးတို့လက်ထက်တုန်းက ပြောခဲ့တဲ့ စကားတွေက ခု ကျမတို့ လက်တွေ့ခံစားနေရတော့တာ"

သူ့ အဖွားဖြစ်သူ ငယ်ငယ်က ဂျပန်လေယာဥ်တွေ ဗုံးကြဲလို့ တောထဲကို ပြေးရလွှားရ စစ်ရှောင်ရတဲ့ အခြေအနေတွေကို အခုတော့ သူကိုယ်တိုင် ခံစားနေရပါပြီ။

" ဗုံးကျင်းတွေ တူးပြီးမှ တောထဲမှာ ဖြစ်သလိုနေရတယ်၊ စားရတယ် ဆိုတာ‌‌တွေကိုပြောပြတာ အမေကြီးတို့က၊ သြော်… အခုကျတော့ အမေကြီးတို့ခေတ်ကို ပြန်ရောက်တော့တာ … လို့၊ ကျမတို့မှာ သူတို့ခေတ်ထက်ကို ဆိုးတော့တာ " လို့ အညာလေသံဝဲဝဲနဲ့ ပြောပါတယ်။

အဲ့ဒီနေ့ ညပိုင်းကတည်းက ပြေးခဲ့ရတဲ့ ရေကျော်ရွာ ဒေသခံတွေဟာ ဒီနေ့ အထိရွာနဲ့ ဝေးတဲ့ တောစပ် တွေက ထန်းပင်တွေအောက်မှာ အပူဒဏ်နဲ့ အတူ စစ်ရှောင်နေကြရပါတယ်။

ဧပြီလ နောက်ဆုံးအပတ်လောက်ကစပြီး နေ့အပူချိန်ဟာ ၄၃ဒီဂရီ အထိမြင့်တက်ခဲ့ပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေဟာ အပူချိန်ကို စစ်ရှောင်ရင်း ရင်ဆိုင်နေရပါပြီ။

" ဘယ်လိုနေရမှန်းမသိဘူး လူကို နုန်းချိနေတာပဲ ၊ နေ့လယ်နေ့ခင်းဆို အပင်ရိပ်အောက်တွေမှာနေရတယ်၊ ကျန်းမာရေးအခြေအနေက ရာသီဥတုပူတဲ့ အခါကျတော့ ဆီးအောင့်တဲ့သူတွေရှိတယ်၊ သွေးတိုးတဲ့ သူတွေရှိတယ်"

အပူချိန်မြင့်တက်နေတဲ့ ဒဏ်ကိုခံနေရတဲ့ အပြင် စစ်ရှောင်တွေဟာ ရေရှားပါးတဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရပြန်ပါတယ်။

သောက်သုံးရေ ရရှိဖို့ လက်ရှိစစ်ရှောင်နေတဲ့ နေရာနဲ့ သူတို့နေထိုင်ခဲ့တဲ့ ရွာက ‌ဝေးတာရယ် မီးရှို့ခံထားရတာမကြာသေးချိန်မှာ ရွာကို ရေပြန်ခပ်လို့ မရသေးပါဘူး။

" ‌ရေကိုလည်းကောင်းကောင်းဝအောင်မသောက်ရဘူး အာသာပြေလောက်ပဲ သောက်ရတာ၊ အနီးနားရွာတွေက ရေကို ပုံး‌လေးတွေနဲ့ လာပို့ကြတယ်" လို့ ဒေါ်ညိုက ယက်တောင်ကို ခပ်ပြင်းပြင်းခပ်ရင်းနဲ့ ပြောလိုက်ပါတယ်။

ဒါ့အပြင် လောလောဆယ်သောက်နေရတဲ့ အမှုန်အမွှားတွေပါတဲ့ ကန်ရေထက် သောက်နေကျ ဖြစ်တဲ့ တွင်းရေကိုသာ သူတို့ ဝဝလင်လင် သောက်ချင်ကြပါတယ်။

ရေရှားပါးတဲ့ အပြင် အိမ်သာတွေလည်း မရှိလို့ ရေမပါဘဲ တောတိုးပြီး ဖြေရှင်းနေကြရတာပါ။

ပြင်းထန်လှတဲ့ နေအပူချိန်ကို အပြင်မှာလက်တွေ့ ရင်ဆိုင်နေရသူတွေရဲ့ ရင်ထဲမှာ အဲ့ဒီအပူချိန်ထက်ပြင်းတဲ့ သောကမီးတွေကတော့ သူတို့ရဲ့ နေအိမ်တွေ မရှိတော့တာပါပဲ။

NLD လက်ထက်မှာ မခင်မာစိုးရဲ့ ခင်ပွန်းဖြစ်သူဟာ ကျေးရွာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့ပြီး အအခု သူတို့ နေအိမ်ကတော့ ပျူစောထီးတွေ မီးရှို့လို့ ပြာကျသွားခဲ့ရပါပြီ။

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM လုပ်ခဲ့လို့ အာဏာသိမ်းစစ်တပ်က သူတို့ နေအိမ်ကို မီးရှို့ခဲ့ချိန်မှာ အသက်ဘေးကနေ လွတ်အောင်လည်း ပြေးခဲ့ရပါတယ်။

မခင်မာစိုးတို့ သစ်ကျင်းကြီးရွာက ထွက်ပြေးလာသူ ၄၀၀ နီးပါး ရှိပြီး ပျူစောထီးနဲ့ စစ်ကောင်စီ တပ်သားတွေဟာ ရွာထဲမှာ တပ်စွဲထားတဲ့အပြင် နေအိမ်တွေက ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ အရာတော် မြို့နယ်က လူကယ်ပြန် တာဝန်ခံက ပြောပါတယ်။

အဲ့ဒီဒေသခံတွေကိုတော့ NUG အစိုးရလက်အောက်က စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူကယ်ပြန်အဖွဲ့က တာဝန်ယူစောင့်ရှောက်ထားပါတယ်။

သစ်ကျင်းကြီး၊ နောင်ကြီးအိုင်၊ ‌ရှောက်ခါး၊ ကဲဘာဆိုတဲ့ ရွာ ၄ရွာက လူဦးရေ ၄၀၀ ကျော်ကို ပြည်သူနဲ့ NUG ရဲ့ ထောက်ပံ့အချို့နဲ့ နေထိုင်စားသောက်ရေးတွေ တာဝန်ယူ ဖြေရှင်းပေးနေတာပါ။

“ တချို့က ရွာပျက်လုနီးနီးပဲ ပျူတွေပဲ ကျန်တော့တာ ပျူကြီးစိုးပြီး စစ်တပ်နဲ့ နီးတဲ့ ရွာတွေကတော့ အိမ်မပြန်ရဲကြဘူးလေ “ လို့ အရာတော် လူကယ်ပြန်တာဝန်ခံကက ပြောပါတယ်။

NUG အနေနဲ့ တလ ဘယ်လောက်ဆိုတဲ့ ပုံသေသတ်မှတ်ပြီး ကူညီတာမျိုး မဟုတ်ပဲလူကယ်ပြန်တာဝန်ခံက စာရင်းတင်ပေးတဲ့ အပေါ်မူတည်ပြီး ချပေးတာမျိုးဖြစ်တယ်လို့ ပြောပါတယ်။

အရာတော်မြို့နယ်မှာတော့ လူကယ်ပြန်တာဝန်ယူပြီး ကူညီပေးမဲ့ အဖွဲ့တွေ ရှိပေမယ့် မကွေးတိုင်း ပေါက်မြို့နယ်မှာတော့ သတ်သတ်မှတ်မှတ် ကူညီပေးနေတဲ့ အဖွဲ့ ရယ်လို့ မရှိပါဘူး။

တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်ရာ ပြည်သူတွေရဲ့ အကူအညီတွေနဲ့ စစ်ရှောင်တွေဟာ နေထိုင်စားသောက်ရေးကို ဖြေရှင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ် သစ်ကျင်းကြီးရွာက မခင်မာစိုးကတော့ ပြီးခဲ့တဲ့ သီတင်းကျွတ်လောက်ကတည်းက ရွာကထွက်ပြေးခဲ့ရတာကြောင့် မိုးရာသီရောက်တော့မှာ ဖြစ်တဲ့ အတွက်ရွာပြန်ပြီးလယ်ယာ လုပ်ငန်းတွေကို လုပ်ကိုင်နေချင် ပေမယ့်လည်း ရွာမှာက စစ်တပ်နဲ့ ပျူစောထီးတွေ တပ်စွဲထားလို့ အိမ်ပြန်မရဖြစ်နေပါတယ်။

“ ပြန်တော့ ပြန်ချင်တာပေါ့ မိုးက ကျတော့မှာလေ ‌တောင်သူလုပ်ချိန်ရောက်နေတာဆိုတော့ “

မခင်မာစိုးလိုပဲ ပေါက်မြို့နယ် ရေကျော်ကျေးရွာက ဒေါ်ညို ကလည်း စစ်အာဏာရှင် အမြန်တိုက်ထုတ်ပြီး အိမ်ကို အမြန်ပြန်ရဖို့ကိုပဲ စိတ်အားထက်သန်နေပါတယ်။

“ လက်နက်ချင်း အင်အားချင်း မမျှလို့သာရယ်၊ ကိုယ်တိုင်ကို တိုက်ထုတ်ချင်တဲ့ စိတ်တွေ ပေါက်တော့တာ၊ ကျမလက်နက်ကောင်းတွေ လိုချင်တယ်၊ ကိုယ်က မိန်းကလေးဖြစ်နေပြီး အသက်က နည်းနည်းရလာလို့သာ၊ လူငယ်လေးတွေလို သန်သန်မာမာသာဆို ကိုယ်တိုင် သေနတ်ကိုင်ပြီး တိုက်ထုတ်ချင်စိတ်တွေ ပေါက်တော့တာ “

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10