ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်တင်းဖို့ စစ်ကောင်စီက ရေကြောင်းနဲ့ ရထားလမ်းကို အသုံးပြုလာ

ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်တင်းဖို့ စစ်ကောင်စီက ရေကြောင်းနဲ့ ရထားလမ်းကို အသုံးပြုလာ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်ကို စစ်ကောင်စီက စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းဖို့ မီးရထားလမ်းနဲ့ရေကြောင်းလမ်းတွေကို အသုံးပြုလာတယ်လို့ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက်က တွဲဆိုင်း ၆ တွဲပါ ရထားတစင်းဟာ စစ်အင်အား ၂၀၀ ကျော်၊ လက်နက်ခဲယမ်းတွေနဲ့အတူ မန္တလေးဘူတာကြီးကနေထွက်လာပြီး စက်တင်ဘာ ၁၁ ရက်မှာ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကို ရောက်လာတယ်လို့ သိရပါတယ်။

အဲ့ဒီမီးရထားဟာ မန္တလေး-စစ်ကိုင်း-ရွှေဘိုလမ်းကနေတဆင့် ဗန်းမော်မြို့အထိ စစ်အင်အားထပ်ပို့ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

"ရထားတွဲတခုတည်းမှာ အင်အား ၂၀၀ လောက်နဲ့ လမ်းတွေကို ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။ ပေါက်ကန်ရွာကို ဝင်တဲ့အချိန်ကလည်း ရွာကို ရထားပေါ်ကနေပစ်ခတ်ပြီး ဝင်လာတာလို့ သိရတယ်" လို့ ကျေးရွာပကဖခေါင်းဆောင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကလည်း လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ ရထားနဲ့ ပြင်ထိန်းရထား ၂ စီးဟာ မန္တလေးကထွက်လာပြီး စက်တင်ဘာလ ၈ ရက်က ပေါက်ကန်ဘူတာမှာ ရပ်ထားတယ်လို့ဆိုပါတယ်။ 

ဒီနေ့မှာ အဲဒီရထားတွေကို လုံခြုံရေးပေးဖို့ တပ်ဖြန့်ထားတဲ့စစ်ကောင်စီတပ်သားတွေက ပေါက်ကန်ဘူတာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ပေါက်ကန်ဘူတာရဲ့မြောက်ဘက်က သုံးဆင့်ကန်ရွာကို အင်အား ၂၀ လောက်ပါတဲ့ နောက်ထပ် စစ်အုပ်စုတစုက ဝင်ရောက်ပစ်ခတ်တာတွေ လုပ်ခဲ့ပါသေးတယ်။ 

စစ်ကောင်စီရဲ့ မီးရထားတွေဟာ အခုထိမထွက်သေးဘဲ ရထားလမ်းကိုပြုပြင်နေဆဲဖြစ်တယ်လို့( Welet information Network) မြေပြင်ကင်းထောက်အဖွဲ့မှ ကိုနဂါးလေးက ပြောပါတယ်။

ဒီမီးရထားတွဲတွေကို တိုက်ခိုက်မခံရဖို့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၆ ရက်ကစပြီး ဝက်လက်နယ်နဲ့ စစ်ကိုင်းမြို့နယ်တို့ကို စစ်ကြောင်းတွေထိုးခဲ့ပါသေးတယ်။

ဝက်လက်မြို့နယ်ကို စစ်ကြောင်း ၆ ကြောင်းခွဲပြီး ထိုးခဲ့ကာ စက်တင်ဘာလ ၇ ရက်မှာ ဝက်လက်နယ် အရှေ့ပိုင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖိုးဝင်းတပ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စက်တင်ဘာလ ၁၃ ရက် ဒီကနေ့အထိ ပေါက်ကန်ကျေးရွာအနီးတဝိုက် တပ်ဖြန့်ကာ လုံခြုံရေးယူပေးနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာလည်း စက်တင်ဘာလ ၉ ရက်အထိ စစ်ကြောင်းတွေထိုးခဲ့ပြီး ဒေသခံ ၃၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

"အခု စကစစစ်ကြောင်းတိုင်းက ဂျန်ဘာ(ဒရုန်းဖျက်စက်)တွေ၊ မိုင်းရှာစက်တွေပါလာတော့ တိုက်ခိုက်ရတာ ပိုခက်လာတယ်။ ရဲဘော်တွေက အသေခံမိုင်းစွဲရတာမျိုးတွေအထိ လုပ်နေရတယ်" လို့ စစ်ကိုင်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတင်ဆောင်ထားတဲ့ သင်္ဘော ၆ စီးဟာ စက်တင်ဘာ ၁၀ ရက်ကထွက်ခွာသွားပြီး စက်တင်ဘာ ၁၃ ရက် ဒီနေ့မှာ ထီးချိုင့်မြို့ဆိပ်ကမ်းကို ရောက်ရှိနေပြီ လို့သိရပါတယ်။

"မနေ့ကတကောင်းမြို့အထက်မှာတော့ တပ်ဖွဲ့တဖွဲ့က တိုက်လိုက်သေးတယ်လို့ပြောတယ်။ ဒီဘက်က ရှော့တိုက်ဒုံး တလုံးပဲပစ်လိုက်နိုင်တယ်။ စစ်သင်္ဘောတွေက လေးစီးခေါင်းတည်ပြီး တအားပစ်တယ်" လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့နယ်မှာလည်း စစ်တပ်က စစ်ကြောင်း ၃ ကြောင်းထိုးနေတာမို့ စစ်သင်္ဘောတွေကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လမှာလည်း စစ်တပ်က စစ်သင်္ဘောအပါအဝင် သင်္ဘော ၉ စီးနဲ့ ဗန်းမော်မြို့ကို စစ်လက်နက်ရိက္ခာ တွေပေးပို့ခဲ့ပါသေးတယ်။ 

ပုံစာ - ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဖြတ်တောက်ထားသည့် စစ်ကိုင်း-ရွှေဘို မီးရထားလမ်းပိုင်းတစ်နေရာ။

စာတည်း - လင်းဇေ

#မြေလတ်အသံ 

#ကချင်ပြည်နယ် #စစ်ကောင်စီ #စစ်အင်အား #လက်နက်ခဲယမ်း #ရိက္ခာ #မီးရထားလမ်း #ရေကြောင်းလမ်း #စစ်သင်္ဘော #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10