ကင်းပတ်လာတဲ့စစ်ကား တိုက်ခိုက်ခံရလို့  ၇ ဦးသေဆုံးပြီး လက်နက်တွေပါသိမ်းခံရ

ကင်းပတ်လာတဲ့စစ်ကား တိုက်ခိုက်ခံရလို့  ၇ ဦးသေဆုံးပြီး လက်နက်တွေပါသိမ်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သမစိတ္တလမ်းအနီးမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားကို တိုက်ခိုက်ရာ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေပါသိမ်းဆည်းနိုင်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၄ တပ်ရင်း Chindwin Attack Force အဖွဲ့ဆီက သိရပါတယ်။

စစ်သားနဲ့ ရဲအင်အား ၁၀ ဦးလောက်လိုက်ပါလာတဲ့ 4 wheels ကားကို ဇွန်လ ၃ ရက် နေ့လယ် ၁၀ နာရီ ၄၀ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ကျနော်တို့က ကားကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ကားအလယ်ကိုဖြတ်ပစ်တာ၊ နောက်ကရှိတဲ့ စစ်ကောင်စီကောင်တွေဆိုရင် ကားပေါ်ကနေကိုပြုတ်ကျသွားတာ၊ ကျည်မှန်ပြီး ပွဲချင်းပြီးကိုသေတယ်၊” လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပေတလူက ပြောပါတယ်။

တိုက်ခိုက်ချိန် မိနစ် ၂၀ လောက်ကြာခဲ့ပြီး ဒီတိုက်ခိုက်မှုကို မလုပ်ခင်မှာလည်း ပြည်သူ့ကားတွေကို မှားယွင်း မတိုက်ခိုက်မိအောင် ကြိုတင်စုံစမ်းမှုတွေလုပ်ခဲ့ပြီး သေချာမှတိုက်ခိုက်ခဲ့တာလို့  ကိုပေတလူက ပြောပါတယ်။ 

“မုံရွာမြို့‌ပေါ်ကို ကားလာမှာကို ကျနော်တို့ရဲ့ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ အရင်လွှတ်ခဲ့ရတယ်၊ ပြည်သူ့ကားလား စစ်ကောင်စီကားလား သတင်းကိုသေချာအောင်စုံစမ်းခဲ့တယ်၊ စုံစမ်းပြီးမှ ကျနော်တို့ တိုက်ခိုက်ခဲ့တာ၊” လို့ သူက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ စစ်သားနဲ့ရဲ ၇ ဦးသေဆုံးပြီး MA 11 ၁ လက် ၊ ၅.၅၆ ကျည် ၁၇ တောင့်၊ ကာဘိုင် ၁ လက်၊ ကာဘိုင် ကျည် ၂၅ တောင့်တို့ကို သိမ်းဆည်းရခဲ့တယ်လို့လည်း ဆိုပါတယ်။ 

တိုက်ခိုက်နေချိန်အတွင်း ဒေသခံကာကွယ်ရေးရဲဘော်တွေဘက်က ရဲဘော်တဦးရဲ့ ဦးခေါင်းကို ကျည်ထိ မှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ထဲက ရဲဘော်အိုင်စီက လက်နက်တက်ကောက်တာ၊ သူ့ရဲ့သေနက်က ဂျန့်ဖြစ်သွားတာ၊ သေနက်ပြင်နေတဲ့အချိန် ကျည်မှန်သွားတယ်၊ ခေါင်းကိုမှန်ပြီး သူလဲသွားတယ်၊ ရဲဘော်တဦးကနေ ပြီးတော့ ကျနော်တို့ရဲဘော်ကို ပြန်ကယ်ပြီးဆွဲထုတ်တယ်” တယ်လို့ ကိုပေတလူက ပြောပါတယ်။ 

ပစ်ခတ်မှုဖြစ်နေတဲ့နေရာကနေ ဆွဲထုတ်ပြီးနောက်မှာ ဆေးတပ်ဖွဲ့ဝင်တွေက ရဲဘော်အိုင်စီကို ဆေးကုသပေးခဲ့ကာ လက်ရှိအချိန်ထိလည်း ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုအပြီး ကာကွယ်ရေးတပ်တွေပြန်လည်ဆုတ်ခွာခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အလောင်းတွေကိုသယ်ကာ မီးလောင်နေတဲ့ကားကို ကရိန်းနဲ့ ပြန်ဆွဲသွားခဲ့တယ်လို့ ဆိုပါတယ်။  

ဒီပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force နဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10