ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်မိုင်းထိလို့ ၂ ဦး သေဆုံးဟုဆို

ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်မိုင်းထိလို့ ၂ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာ အရှေ့ဘက်ကို ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်မိုင်းထိပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက် ၄ နာရီလောက်မှာ ချပ်သင်းရဲစခန်းကနေ ရွာအရှေ့ဘက်ကို ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ အင်အား ၆ ဦးခန့်ပါ စစ်ကောင်စီအဖွဲ့ဟာ PDF တွေဘက်က ထောင်ထားတဲ့ တိုက်မိုင်းထိပြီး သေဆုံးတာတွေရှိတယ်လို့ ဒေါင်းရာဇာအဖွဲ့ တာဝန်ရှိအမျိုးသမီး ဒေါင်းမလေးက မြေလတ်အသံကို ပြောပါတယ်။
 
"ကျွန်မတို့က စကစ အဖွဲ့တွေ လာနိုင်တဲ့နေရာပေါ့ အဲနေရာကို တိုက်မိုင်းဆင်ထားတာ။ ဒါကို မနက်အစောပိုင်းမှာ ရွာအရှေ့ဘက်ကို ကင်းပုန်းထွက်ဝပ်ချိန် ထောင်ထားတဲ့ တိုက်မိုင်းထိသွားတာ။ သူတို့ မိုင်းထိတာက ရွာပြင် လယ်ကွင်းနားမှာပါ။ သူတို့ဘက်က ထိခိုက်သေဆုံးသိရတာက မြေပြင်ကနေ ပြန်သိရတဲ့သတင်းအရ ပြောနိုင်တာပါ" လို့ သူကပြောပါတယ်။
 
တိုက်မိုင်းထိလို့ သေဆုံးသွားသူတွေကို ဆိုင်ကယ်နဲ့ တပ်စွဲထားတဲ့နေရာကို ပြန်သယ်သွားပြီး စစ်အင်အား ထပ်ဖြည့်ကာ ကျေးရွာဝန်းကျင်ကို တောနင်းရှာဖွေတာတွေ လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်နဲ့ ပျူအင်အား ၆၀ လောက်ဟာ ချပ်သင်းရဲစခန်းမှာ တပ်စွဲနေထိုင်နေတာ ၁ နှစ်နီး ပါးရှိနေပြီး အနီးအနားဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးတာနဲ့ ကင်းပုန်းဝပ်တာတွေ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
 
ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်းမှာ ချပ်သင်းရဲစခန်းထဲကနေ ရွာထဲကို လက်ဖက်ရည်သောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီနဲ့ပျူအဖွဲ့ဟာ ကျေးရွာဘောလုံးကွင်းရှေ့အရောက်မှာ မိုင်းဆွဲခံရပြီး စစ်ကောင်စီဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10