သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် (၈)ရပ်ကွက်အနီး ပခုက္ကူ - ပေါက်လမ်းပေါ်မှာ ကင်းလှည့်လာတဲ့ စစ်သားနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ ပခုက္ကူ ပကဖ ဆီက သိရပါတယ်။
ဇွန်လ ၂၁ ရက် မနေညနေ ၅ နာရီခွဲခန့်မှာ ညောင်ဂျစ်ပင် (ပျူ)ရွာဘက်ကနေ အိမ်စီးကားနဲ့ ကင်းလှည်လာတဲ့ အင်အား ၈ ဦးဝန်းကျင်ပါ စစ်ကောင်စီအဖွဲ့ကို အလစ်အငိုက်ဖမ်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ကနဦးက သူတို့ကားကို ၄၀ မမ နဲ့အရင်ပစ်တာ။ ပြီးမှ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တာ။ ပစ်ခံရတော့ သူတို့အဖွဲ့က ကားမောင်းပြေးတာ၊ ကမ္မရဲစခန်းနားမှာ ကားကရပ်သွားတယ်"လို့ ပခုက္ကူ ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ခုလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အရာရှိ ၁ ဦး၊ ညောင်ဂျစ်ပင်ကျေးရွာက ပျူခေါင်းဆောင် ချစ်စမ်းမောင် အပါအဝင် ၈ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ တပ်တွင်းသတင်းပေးနဲ့ ဒေသခံအချို့ဆီက ပြန်သိရတယ်လို့ ဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဲ့ဒီနောက် ည ၇ နာရီခန့်မှာတော့ တိုက်ခိုက်ခံရလို့ ရပ်ထားတဲ့ စစ်ကောင်စီကားနေရာကို ကာကွယ်ရေးတပ်တွေက တခေါက်ပြန်သွားပြီး ကားကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
ကားရပ်ထားရာ နေရာနဲ့ ရဲစခန်းဟာ အနည်းငယ်ကွာဝေးပြီး၊ ကာကွယ်ရေးရဲဘော်တွေ သွားချိန်မှာ အလောင်းတွေကို မတွေ့ရတော့ဘဲ သွေးကွက်နဲ့ သွေးစွန်းနေတဲ့ အဝတ်တချို့ကိုသာ တွေ့ခဲ့ရတယ်လို့ ပခုက္ကူ ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။
ကားကိုမီးရှို့ပြီးချိန်မှာ စစ်ကောင်စီတပ်တွေက ပခုက္ကူဘက်ကနေ အင်အားဖြည့်ဖို့လာနေတဲ့ အတွက်ကြောင့် လက်နက်တွေ သိမ်းယူနိုင်တာမရှိဘဲ ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်ဆုတ်လာတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၁)နဲ့ ပခုက္ကူခရိုင်တပ်ရင်း (၁၃)က တပ်ဖွဲ့ဝင်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
ဇွန်လ ၇ ရက်ကလည်း ပခုက္ကူဘက်ကနေ မြိုင်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီ ရိက္ခာတင်ကားတွေကို ကမ္မမြို့၊ ညောင်ဂျစ်ပင်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးထိခိုက်ပြီး ကားတစီးပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - စစ်ကောင်စီကားကို ကာကွယ်ရေးတပ်တွေ မီးရှို့ဖျက်ဆီးစဉ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ကမ္မ #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး
Share Share Share