ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို ကစထ ၆ ကိုပို့၊ လပခတိုင်းမှူး ကစထ ၁ မှူး ဖြစ်လာ စစ်တိုင်း ၄ ခု တိုင်းမှူးတွေကိုလည်း နေရာရွှေ့

ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို ကစထ ၆ ကိုပို့၊ လပခတိုင်းမှူး ကစထ ၁ မှူး ဖြစ်လာ စစ်တိုင်း ၄ ခု တိုင်းမှူးတွေကိုလည်း နေရာရွှေ့

မြန်မာပြည်အထက်ပိုင်း ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး တိုင်းနဲ့ပြည်နယ်တွေက စစ်တိုင်း ၃ ခုကို ကွပ်ကဲတဲ့ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့(ကစထ ၁)မှူး နေရာအပါအဝင် စစ်တပ်စစ်ဆင်ရေးရဲ့ထိပ်ပိုင်းနေရာတွေကို အခုရက်ပိုင်းမှာ ထပ်မံအပြောင်းအလဲလုပ်ခဲ့တယ်လို့ စစ်ရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ယခင် ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကို နေပြည်တော်ကောင်စီဥက္ကဌဖြစ်သွားလို့ လစ်လပ်နေတဲ့ ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦး နေရာ ကစထ ၆ ကိုပို့ ဆောင်လိုက်ပြီး မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး ကို ဒုဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့်ပေးကာ ကစထ ၁ မှူး အသစ်အဖြစ် ခန့်ထားလိုက်တာပါ။

“ တိုင်းမှူးတွေထဲမှာ နာမည်ရနေတဲ့ ကိုကိုဦး ကို အရေးကြီးတဲ့ ကစထ ၁ ကို ကိုင်ခိုင်းလိုက်တာပေ့ါ။ နေပြည်တော်ကိုလည်း အဓိက ပြန်ကာဖို့ ကစထမှူးရော တိုင်းမှူးအသစ်ရော ချိန်းထားတာ “ လို့ စစ်ရုံး သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ကစထ ၆ ကစထမှူး ၁ လနီးပါးအကြာလစ်လပ်နေမှုဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အနီး နေပြည်တော်ကိုအဓိကကိုင်တွယ်ရမယ့် ကစထမှူးဖြစ်တာကြောင့် စစ်ခေါင်းဆောင်ယုံကြည်ရမယ့် သူကို အချိန်ပေးရှာဖွေနေရတာလို့ တပ်မတော်သား CDM အသိုင်းအဝိုင်းက မြေလတ်အသံကို ပြောဆိုထားပါတယ်။

DSA အပတ်စဉ် ၃၈ ဆင်း လပခ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး ဟာ စစ်တပ်အသိုင်းအဝိုင်းအတွင်း အထက်ဗိုလ်ချုပ်ကြီးတွေက သဘောကျသူဖြစ်သလို အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ထောက်ခံသူတွေအကြားမှာလည်း နာမည်ကောင်းရရှိထားသူတဦးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တိုင်းမှူးတွေ အကြား စစ်တိုင်းနေရာပြောင်းရွှေ့မှုတွေရှိခဲ့ပြီး လစ်လပ်သွားတဲ့ အလယ်ပိုင်းတိုင်းမှူး နေရာကို လက်ရှိ ပုသိမ်၊ အနောက်တောင်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် ရောက်ရှိလာပါတယ်။

အနောက်တောင်တိုင်းမှူး နေရာကိုတော့ နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းက ရောက်ရှိသွားပြီး သူတို့  ၂ ယောက်ဟာ DSA အပတ်စဉ် ၃၉ ဆင်းတွေပါ။

တခါ နေပြည်တော်တိုင်းမှူး နေရာကို စီနီယာတိုင်းမှူးဖြစ်တဲ့ DSA ၃၇ ဆင်း လက်ရှိ ကမ်းရိုးတန်းဒေသစစ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် ရောက်ရှိလာပါတယ်။

ပြီးခဲ့တဲ့လအတွင်းက ကမ်းရိုးတန်းဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနဲ့  စစ်ဘက်အရာရှိကြီးတချို့ ဖမ်းဆီးစစ်ဆေးခံခဲ့ရလို့ ကမ်းရိုးတန်း ဒုတိုင်း မှူးနေရာကို ကြာအင်းဆိပ်ကြီးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းနဲ့အစားထိုးခဲ့ပြီးနောက် တိုင်းမှူးနေရာကိုပါ ထပ်မံအပြောင်းအလဲလုပ်ခဲ့တာပါ။

ကမ်းရိုးတန်းစစ်တိုင်းမှူး နေရာမှာတော့ တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်စွာဦး က တိုင်းမှူးအသစ်အဖြစ် ရောက်ရှိလာတယ်လို့သိရပါတယ်။

ပုံစာ - ကစထ ၆ ကို ပြောင်းရွှေ့ရသည့် ဒုဗိုလ်ချုပ်ကြီး တေဇကျော်နှင့် ကစထ ၁ မှူးဖြစ်လာသည့် လပခတိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်တိုင်းမှူး #ကစထမှူး #နေရာပြောင်းလဲ #စစ်ကောင်စီတပ် #ဒုဗိုလ်ချုပ်ကြီး #ဗိုလ်ချုပ် #လပခ #မပခ #နမခ #နပတ #ကရခ #နတခ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10