ကနီက စစ်တပ်စခန်းတိုက်ပွဲမှာ သေနတ် ၁၅ လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းနိုင်ခဲ့ပြီး စစ်သား ၂၀ ဝန်းကျင် သေဆုံးဟုဆို

ကနီက စစ်တပ်စခန်းတိုက်ပွဲမှာ သေနတ် ၁၅ လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းနိုင်ခဲ့ပြီး စစ်သား ၂၀ ဝန်းကျင် သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း မိုင်တိုင်အမှတ် ၄၉ အနီးက စစ်ကောင်စီရဲ့ တာဝါတိုင်စခန်းကုန်းကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို ဖျက်ဆီးနိုင်ခဲ့ကာ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ် တာဝါတိုင်စခန်းမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။

တာဝါတိုင်စခန်းကုန်းမှာ အင်အား ၃၀ ဝန်းကျင်ရှိတာဖြစ်ပြီး ဧပြီလ ၁၇ ရက် မနေ့ မနက် ၇ နာရီကနေ ၈ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၆ ဦးခန့် ထွက်ပြေးသွားပြီး ထွက်ပြေးသူတွေထဲမှာ ဗိုလ်ကြီး သွဲ့လင်းထက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ် တာဝါတိုင်စခန်းမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။

“ထွက်ပြေးတဲ့သူ တော်တော်များများရှိတယ်။ ပြေးတဲ့ထဲမှာ ၂ ယောက်ကတော့ သိသိသာသာ သိလိုက်ရတယ်။ တယောက်က ဗိုလ်ကြီး၊ ထွက်ပြေးတဲ့ချိန် လိုက်ရှာတော့ ပြန်မိထားတာတွေလည်း ရှိတယ်။ စခန်းအကုန်ဖျက်ဆီးပြီး ပြာပုံလုပ်ပစ်လိုက်ပြီ။ လေကြောင်းက တိုက်ပွဲပြီးခါနီးမှာ ၂ စီးလာတယ်" လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ဝန်းကျင် သေဆုံးဒဏ်ရာရကာ၊ ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်သယ်ဆောင်သွားပြီး၊ ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၂ မှ ရဲဘော်တဦး ကျည်ထိမှန် သေဆုံးကာ စိုးရိမ်ရ ရဲဘော် ၁ ဦးအပါအဝင် ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ - စစ်ကောင်စီတပ် တာဝါတိုင်စခန်းမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက MA-2 ၃ လက်၊ MA - 11 ၆ လက်၊ MA - 3 ၅ လက်၊ MA - 4 ၁ လက်၊ MA ကျည်ဘောက် ၈ခု၊ ၅.၅၆ ကျည် ၉၃၈၀တောင့်၊ 60mm - ပြောင်းတို ၁လက်၊ 60 mm ဗုံးသီး အလုံး ၅၀၊ 40 mm ဗုံးသီး ၅၇ လုံး၊ လက်ပစ်ဗုံးသီး ၅၆ လုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊ နင်းမိုင်း ၂၉ လုံး၊ Detonator (လက်ပစ်) ၃၇ ခု၊ Detonator (မိုင်း) ၄၅ ခု၊ စစ်သုံးချပ်ဝတ် တန် ဆာ ၂ ခု၊ ငွေသား ၁၁၁၀၀ တို့ကို ရယူနိုင်ခဲ့ပြီး၊ လက်နက်စာရင်းက ဒီထပ်လည်း ပိုများနိုင်တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ် တာဝါတိုင်စခန်းမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။

အဆိုပါ တိုက်ပွဲကို KPDF-2၊ ယင်းမာပင်ခရိုင် တပ်ရင်း - ၁နဲ့အတူ နယ်မြေခံ ပကဖအဖွဲ့စည်းတွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ - စစ်ကောင်စီတပ် တာဝါတိုင်စခန်းမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။

တာဝါတိုင်စခန်းဟာ မဟူဝောာင်ပေါ်က ကုန်းအမြင့်မှာ တည်ရှိပြီး စစ်တပ်က အသုံးပြုတဲ့ မြေအောက် ကေဘယ်ဆက်သွယ်ရေး ကွန်ယက်ရှိတဲ့စခန်းတခု ဖြစ်သလို စစ်ကောင်စီအတွက် ဗျူဟာအကျဆုံး စခန်းတွေထဲက တခုဖြစ်ပြီး ရဟတ်ယာဉ်ရပ်နားလို့ရတဲ့ ကွင်းပြင်အထိပါရှိထားပြီး ဗိုလ်ချုပ်နေဝင်း လက်ထက်ထဲက စခန်းချနေတဲ့ အထောက်ထားတွေလည်း ရှိတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် နှစ်ဆန်းတရက်နေ့တုန်းကလည်း တာဝါတိုင်စခန်းအနီးကို တူမီးတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ ရဲဘော် ၃ ဦးကျကာ ပြည်သူ ၂ ဦး အသတ်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းတရက်နေ့မှာတော့ စခန်းကိုဖျက်ဆီးနိုင်ခဲ့ကာ လက်နက်တွေလည်း ရရှိခဲ့ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10