ကနီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ ဦးသေပြီး တပ်စိတ်မှူး ၁ ဦးအရှင်ဖမ်းမိခဲ့

ကနီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ ဦးသေပြီး တပ်စိတ်မှူး ၁ ဦးအရှင်ဖမ်းမိခဲ့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDFတွေအကြား သြဂုတ် ၂၀ ရက်မနက် ၉နာရီကျော်အချိန်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ တပ်စိတ်မှူး ၁ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ULF(တပ်ပေါင်းစု)က ပြောပါတယ်။

အင်အား ၈၀ ကျော်နဲ့ နွားခြံကုန်းရွာအတွင်းတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေအနက် ၂၅ ဦး ဟာ ကျေးရွာအပြင်ဘက်ကို ကင်းထောက်ဖို့ထွက်လာချိန် ကင်းပုန်းဝပ်နေတဲ့ PDFပူးပေါင်းတပ်ဖွဲ့တွေက ၂၅ မိနစ်ကြာတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့က အသင့်စောင့်ပြီးတော့တိုက်တာ ဆိုတော့ အသာစီးရပြီးတော့ တကောင်ကပွဲချင်းပြီး သေတယ်ဗျ။ နောက် တပ်စိတ်မှူးဆိုတဲ့တကောင်က ဒဏ်ရာတွေနဲ့ အရှင်ဖမ်းမိခဲ့တယ်။ လတ်တလောက ဆေးကုနေရတုန်းမလို့ သူ့တပ်ရင်းတွေဘာတွေ အသေးစိတ်မစစ်ဆေးရသေးဘူး" လို့ Union Liber ation Front-ULF V02မှ သတင်းပြန်ကြားရေး ကိုဂျော်ဒန်က မြေလတ်အသံကို ပြောပါတယ်။

အရှင်ဖမ်းမိခဲ့တပ်စိတ်မှူးကတော့ အသက် ၃၀ ကျော်အရွယ် ထွန်းဝင်းဖြစ်ပြီး ၎င်းနဲ့အတူ ၄၀ မမ ဗုံး သီး ၂ လုံး၊ ၅.၅၆ မမ ကျည် ၂၅၀ တောင့်၊ ကျည်ဘောက် ၂ ခုရရှိခဲ့ပြီး ဖမ်းဆီးရမိသူဟာ တိုက်ပွဲအတွင်းရရှိဒဏ်ရာတွေနဲ့ သွေးထွက်လွန်နေတာကြောင့် ဆေးကုသမှုပေးထားရကြောင်း ကိုဂျော်ဒန်က ဆိုပါတယ်။

 

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၂၂ ရက်ဒီနေ့မှာတော့ နွားခြံကုန်းကျေးရွာထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက ယင်းမာပင်မြို့နယ်၊ စည်သူရွာက သစ်ကွင်းကို ပြန်လည်ထွက်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Union Liberation Front-ULF V02(တပ်ပေါင်းစု) မှ Comrade စစ်ကြောင်း၊ KLG စစ်ကြောင်းနဲ့ Alpha စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့မှာလည်း ယင်းမာပင်မြို့နယ်၊ စည်သူရွာ သစ်ကွင်းမှာ အင်အား ၁၀၀ ခန့် တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို အထက်ပါ PDF ပူးပေါင်းတပ်ဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ကနီ #တိုက်ပွဲ #စစ်ကောင်စီတပ် #ထိခိုက်သေဆုံး #အရှင်မိ #စစ်သုံ့ပန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10