ကနီနယ်က ကူးတို့ဆိပ် လေယာဉ်ဗုံးကြဲခံရလို့ သံဃာ ၁ ပါးအပါ ၃ ဦးဒဏ်ရာရပြီး ကားနဲ့ဆိုင်ကယ်တွေမီးလောင်

ကနီနယ်က ကူးတို့ဆိပ် လေယာဉ်ဗုံးကြဲခံရလို့ သံဃာ ၁ ပါးအပါ ၃ ဦးဒဏ်ရာရပြီး ကားနဲ့ဆိုင်ကယ်တွေမီးလောင်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုဌောအရှေ့ရွာရှိ ချင်းတွင်းမြစ်ကူးတို့ဆိပ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲပစ်ခတ်လို့ သံဃာ ၁ ပါးအပါ ၃ ဦးဒဏ်ရာရရှိပြီး ကားနဲ့ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ဒီကနေ့ နေ့လယ် ၁ နာရီ မိနစ် ၂၀ ခန့်မှာ အဆိုပါ ချင်းတွင်းမြစ်ကူးတို့ဆိပ်ကို စစ်ကောင်စီလေတပ်တိုက်လေယာဉ် ၁ စီးက ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့ပြီး လေယာဉ်ပါရော့ကတ်တွေနဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

" ထိခိုက်ဒဏ်ရာရသူတွေက ဗုံးစမှန်တာ။ ပေါင် ၅၀၀ ချတယ်ဆိုတော့ ဆီကားကိုလည်းထိပြီး မီးလောင်သွားတာ။ ကားပေါ်မှာက ဆီပေပါ(စက်သုံးဆီ) တွေတင်ထားတာ။ ဗုံးက ဆီကားဘေးကို ကျတာ။ ထိခိုက်ဒဏ်ရာရသူတွေက ကူးတို့ကူးဖို့စောင့်နေကြတာ။"လို့ ကနီဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကူးတို့ဆိပ်ကို ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲတာကြောင့် တဖက်ကမ်းရှိ နတ်ကြီးရွာကို ကမ်းကူးဖို့လှေစောင့်နေတဲ့ အသက် ၃၀ ကျော်အရွယ် သံဃာ ၁ ပါး၊ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဗုံးစထိမှန် (မစိုးရိမ်ရ)ဒဏ်ရာရရှိပြီး စက်သုံးဆီပေပါ အလုံး ၂၀၀ ခန့် တင်ဆောင်ထားတဲ့ကုန်တင်ကား ၂ စီးနဲ့ ဆိုင်ကယ် ၁၁ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့မသိရသေးဘဲ ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံကိုပို့ထားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးလာကြဲသွားတဲ့ မုဌောရွာကူးတို့ဆိပ်နဲ့အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်ကလည်း ကနီမြို့နယ်၊ ဆူးလေကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ဗုံးချခဲ့လို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #လေကြောင်းဗုံးကြဲ #သံဃာ #ပြည်သူ #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10