သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ပညာရေးတာဝန်ခံ တမိသားစုလုံးသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ပညာရေးဘုတ်အဖွဲ့ဝင်တွေနဲ့ ကျောင်းသားကျောင်းသူတွေ၊ တော်လှန်ရေးအဖွဲ့ဝင်အချို့က တလပြည့်လှုပ်ရှားမှုပြုလုပ်ခဲ့ကြတယ်လို့ BEGSC-CEC ထံက သိရပါတယ်။
ဒီဇင်ဘာ ၂ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်အထိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အပါအဝင် ရန်ကုန်၊ ပဲခူးတိုင်းတွေထဲက ပညာရေးဘုတ်အဖွဲ့ဝင်တွေနဲ့ ကျောင်းသား ကျောင်းသူတွေက မြေပြင်သပိတ်အပါအဝင် အွန်လိုင်းလှုပ်ရှားမှုတွေပါ ပြုလုပ်ခဲ့ကြတယ်လို့ BEGSC-CEC တဦးဖြစ်သူ ဆရာကျော်ရဲလွင်ကပြောပါတယ်။
အဆိုပါ အွန်လိုင်း၊ မြေပြင်သပိတ် လှုပ်ရှားမှုအတွင်း ဦးဝင်းဌေး အမှုမှန် ပေါ်ပေါက်ရေး အားလုံး ကူညီဆောင်ရွက်ပေး၊ မတရားမှုကို ခေါင်းငုံ့မခံ ပညာရေးဖြင့် ဒို့တွန်းလှန် စတဲ့ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်လို့ ယင်းမာပင်ခရိုင် ပညာရေးဒုတာဝန်ခံ မနွေဦးစံက ပြောပါတယ်။
ဒီအမှုကိုတော့ ကနီမြို့နယ် ပလဖနဲ့ ယင်းမာပင်ခရိုင် ပလဖတို့က ဦးဆောင်စစ်ဆေးနေကြတယ်လို့ သိရပါတယ်။ ဦးဝင်းဌေးတို့ မိသားစုသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကြောင့် အဲဒီနယ်က ဒေသခံတွေအပါအဝင် ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေက ဒေသခံတွေပါ လုံခြုံရေးမှာ ထိခိုက်မှုတွေရှိနေတယ်လို့ ယင်းမာပင်ခရိုင် ပညာရေးဒုတာဝန်ခံ မနွေဦးစံက ပြောပါတယ်။
၂၀၂၄ နိုဝင်ဘာ ၄ ရက်ညပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကနီမြို့နယ် ပညာရေးတာဝန်ခံ ၁ ဦးလည်းဖြစ် ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ) ၁ ဦးလည်းဖြစ်သူ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ မခြိမ့်ခြိမ့်သဲဝေ၊ ၃ လအရွယ် သမီး ရွှေဝတ်ရည်လွှာတို့ ၃ ဦးစလုံး ကနီမြို့နယ်၊ တပုန်းကျေးရွာရှိ နေအိမ်မှာ လည်ပင်းလှီးဖြတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ကနီ #ပညာရေးတာဝန်ခံ #သတ်ဖြတ်ခံရမှု #အမှုမှန်ပေါ်ရေး #တလပြည့်လှုပ်ရှားမှု
Share Share Share