သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက် မြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးနဲ့မိသားစုအသတ်ခံရမှုဟာ ကနီမြို့နယ်ပသုံးလုံး( ပအဖ၊ ပကဖ၊ ပလဖ)တပ်ဖွဲ့တွေရဲ့ ဒေသတွင်းသစ်မှောင်ခို၊ မူးယစ်ဆေးဝါးမှုတွေနဲ့ပတ်သက်နေတဲ့အပေါ် ဦးဝင်းဌေးက NUG ထံ တိုင်ကြားတဲ့အတွက် ပသုံးလုံးအဖွဲ့ကသတ်လိုက်တယ်ဆိုပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေနေပါတယ်။
■ သတင်းအမှားပျံ့နှံ့မှု ■
“ပသုံးလုံးအဖွဲ့တွေရဲ့ သစ်မှောင်ခိုမှုနဲ့မူးယစ်ဆေးမှုတွေ NUGထံတိုင်ကြားလို့ PDF ကြီးစိုးနယ်မြေမှာ သုံးလသမီးပါမချန်မိသားစုလိုက်လည်လှီးအသတ် ခံရတဲ့ NUG ကနီမြို့နယ်ပညာရေးတာဝန်ခံဦးဝင်းဌေးမိသားစုအတွက် အမှုမှန်ဖော်ထုတ်ပေးဖို့ တစ်လပြည့်လှုပ်ရှား (မူရင်းရေးသားချက်အတိုင်း) ” ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။
အဆိုပါအကြောင်းအရာကို စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ Subscribers ၂၃,၁၀၀ ကျော်ရှိ MT News _ Myanmar Transparency တယ်လီဂရန်ချန်နယ်ကနေ ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီ ၄ မိနစ်မှာ စတင် ဖြန့်ဝေခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းအထိ ကြည့်ရှုသူ ၁၂,၂၀၀ ကျော် Reaction ၄၉ ခုနဲ့ မှတ်ချက် ၂ ခု ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အထက်ပါအကြောင်းအရာကိုပဲ ဒီဇင်ဘာ ၄ ရက် အဲ့ဒီနေ့ နေ့လယ် ၁၂ နာရီ ၃၁ မိနစ်မှာ Subscribers ၂၇,၇၀၀ ကျော်ရှိတဲ့ KO CHIT (MDY) တယ်လီဂရန်ချန်နယ်က မူရင်းတင်တဲ့ MT News _ Myanmar Transparency တယ်လီဂရန်ချန်နယ်နဲ့ အချိန်မိနစ်ပိုင်းသာခြားပြီး ထပ်ဆင့်မျှဝေဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။
သတင်းမှားဖော်ပြမှုမူရင်းနဲ့ ထပ်ဆင့်ဖော်ပြမှုတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
MT News _ Myanmar Transparency တယ်လီဂရန်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/ntm6o
KO CHIT (MDY) တယ်လီဂရန်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/Dp1k9
အဆိုပါအကြောင်းအရာ တယ်လီဂရန်လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး နားလည်မှုလွဲစေတဲ့ သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။
■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■
အထက်ပါ အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ Google မှာ "ကနီပညာရေးတာဝန်ခံ" ဆိုပြီး ရှာဖွေခဲ့ရာ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကို တွေ့ရှိခဲ့ရပါတယ်။
လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရ တော်လှန်ရေးအင်အားစုတွေ အားကောင်းစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ NUG ရဲ့ ကနီပညာရေးတာဝန်ခံ ဦးဝင်းဌေးနဲ့ ၃လသားအရွယ် သမီး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦး နိုဝင်ဘာ ၄ ရက်မှာ လည်ပင်းလှီးဖြတ်ဓားဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရကြောင်း သတင်းဖော်ပြချက်တွေကို တွေ့ရှိခဲ့ရပါတယ်။
ဦးဝင်းဌေးမိသားစု အသတ်ခံရတာနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -
ကနီမြို့နယ် NUG ပညာရေးတာဝန်ခံနှင့် ၃ လ သမီးပါ မိသားစု အသတ်ခံရကြောင်း မဇ္ဈိမ သတင်းဌာနမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်
ကနီမြို့နယ် NUG ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ၊ ဇနီးနဲ့ လသားကလေးငယ်တို့ မိသားစုဝင် သုံးဦး နေအိမ်ထဲမှာ လုပ်ကြံ သတ်ဖြတ်ခံရကြောင်း Mandalay Free Press - MFP မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် သတင်း ဖော်ပြချက် - သတင်းကြည့်ရန်
ကနီမြို့နယ် ပညာရေးတာဝန်ခံနှင့် မိသားစု သတ်ဖြတ်ခံရမှု ဖော်ထုတ်မည်ဟု NUG ပြောကြောင်း Myanmar Now မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်
အထက်ပါ သတင်းဖော်ပြချက်တွေအရ နိုဝင်ဘာလ အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ ကနီမြို့နယ် NUG ပညာရေးတာဝန်ခံနဲ့ မိသားစုသတ်ဖြတ်ခံရမှုအခြေ အနေကိုသိရှိနိုင်ပြီး ကျူးလွန်တဲ့တရားခံကို ဖော်ထုတ်မယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
သတင်းမှားဖော်ပြမှုမှာ အသုံးပြုထားတဲ့ဓာတ်ပုံတွေဟာ ဦးဝင်းဌေးမိသားစုအသတ်ခံရမှု တလပြည့်တဲ့အထိ အမှုမှန်မပေါ်သေးတာကြောင့် အခြေခံပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီအဖွဲ့-BEGSC က အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံတွေဖြစ်ပြီး ၎င်းတို့ရဲ့ Facebook လူမှုကွန် ယက်စာမျက်နှာဖြစ်တဲ့ Basic Education General Strike Committee – BEGSC မှာဖော်ပြထားတဲ့ ဓာတ်ပုံတွေလည်း ဖြစ်ပါတယ်။
ဆန္ဒဖော်ထုတ်မှု မှတ်တမ်းများကို Basic Education General Strike Committee - BEGSC - CEC ရဲ့ Facebook စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် - BEGSC Facebook Page
ဒါပေမဲ့ ဆန္ဒထုတ်ဖော်မှုဟာ အမှုမှန်ပေါ်ပေါက်ရေးအတွက် တောင်းဆိုထားတာသာဖြစ်ပြီး အဆိုပါအမှုနဲ့ပတ်သက်လို့ ကိုင်တွယ်စစ်ဆေးနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUGနဲ့ လက်အောက်သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်က ကျူးလွန်သူတွေဟာ ဘယ်သူ၊ဘယ်ဝါဖြစ်ကြောင်း သတင်းထုတ်ပြန်လာတာမျိုးမရှိသေးသလို လွတ်လပ်တဲ့ သတင်းဌာနတွေကနေ ဖော်ပြလာတာမျိုးလည်း မရှိသေးပါဘူး။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေ အားကောင်းစိုးမိုးထားတဲ့ကနီဒေသမှာ NUGရဲ့ကနီပညာရေးတာဝန်ခံနဲ့ မိသားစု သတ်ဖြတ်ခံရခြင်း မှန်ကန်သော်လည်း " ပသုံးလုံးအဖွဲ့ရဲ့ သစ်မှောင်ခိုမှုနဲ့ မူးယစ်ဆေးမှုတွေကို ဦးဝင်းဌေး က NUG ဆီကို တိုင်ကြားတဲ့အတွက် ပသုံးလုံးအဖွဲ့က သတ်လိုက်တယ်"ဆိုတဲ့ အချက်အလက်မှာ မှားယွင်းနေတာကို စိစစ်တွေ့ရှိခဲ့ရပါတယ်။
■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်များအား စိစစ်ချက် ■
သတင်းအမှားဖြန့်ဝေနေတဲ့ MT News _ Myanmar Transparencyတယ်လီဂရမ်ချန်နယ်ကို စိစစ်ကြည့်ရာမှာ ဖျော်ဖြေရေး အွန်လိုင်းမီဒီယာပုံစံ တင်ဆက်နေတာကို တွေ့ရှိရပြီး ဖျော်ဖြေရေးသတင်းတွေနဲ့အတူ စစ်ကောင်စီဝါဒဖြန့်သတင်းတွေကိုလည်း တင်ဆက်နေတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် ၎င်းတယ်လီဂရမ်ချန်နယ်နဲ့အတူ Website တခုပြုလုပ်ထားပြီး ဖျော်ဖြေရေးသတင်းတွေနဲ့ စစ်ကောင်စီ ဝါဒဖြန့်သတင်းများ တင်ဆက်နေတာကို တွေ့ရှိရပါတယ်။
သတင်းအမှားကိုထပ်ဆင့်ဖြန့်ဝေနေတဲ့ KO CHIT (MDY)တယ်လီဂရမ်ချန်နယ်ကို စိစစ်ကြည့်ရာမှာလည်း လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေနဲ့ သတင်းမှားတွေကိုအစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ တယ်လီဂရမ်ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
MT News _ Myanmar Transparency တယ်လီဂရမ်ချန်နယ် - https://archive.ph/JtC7D
Myanmar Transparency Website - https://archive.ph/BiKtr
KO CHIT (MDY) တယ်လီဂရမ်ချန်နယ် - https://archive.ph/AEGF5
MT News _ Myanmar Transparency တယ်လီဂရမ်ချန်နယ်၊ Websiteနဲ့ KO CHIT (MDY)တယ်လီဂရမ်ချန်နယ်တွေဟာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေကို အစဉ်တစိုက်ဖြန့်ဝေနေတာဖြစ်ပြီး ၎င်းချန်နယ်တွေမှာယခင်ကဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲက Myanmar Fact-checking Network - MFCN မှ အချက်အလက်စစ်ဆေးစိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
MT News _ Myanmar Transparency တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://www.facebook.com/share/v/15PJ7vD2EQ/
KO CHIT (MDY) တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://www.facebook.com/share/v/15cEyvBP2Z/
■ သုံးသပ်ချက် ■
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေအကြားညီညွတ်မှုမရှိဘဲ အချင်းချင်းသတ်ဖြတ်နေကြကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ မူးယစ်ဆေးနဲ့သစ်အပါအဝင် ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်ကြတာဖြစ်ပြီး အကျိုးစီးပွားအတွက် အချင်းချင်းသတ်ဖြတ်နေတဲ့ပုံစံ သတင်းအမှားတွေနဲ့ အလျဉ်းသင့်သလို ဝါဒဖြန့်လေ့ရှိပါတယ်။
အခုဖြစ်စဉ်မှာဆိုရင်လည်း NUG ရဲ့ ကနီပညာရေးတာဝန်ခံနဲ့မိသားစု သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေ အားကောင်းစိုးမိုးထားတဲ့ ကနီဒေသမှာဖြစ်ပွားခဲ့တဲ့အပေါ် အမှုမှန်မပေါ်ပေါက်သေးခင် ကျူးလွန်သူကို အတိအကျမသိရသေးဘဲ ပသုံးလုံး (ပကဖ၊ ပအဖ၊ ပလဖ)က မူးယစ်ဆေးဝါးနဲ့ သစ်မှောင်ခိုကိစ္စကြောင့် သတ်ဖြတ်တာဆိုပြီး ဝါဒဖြန့်ဖော်ပြနေခြင်းသာဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အဲ့ဒီသတင်းတွေမှာပါဝင်တဲ့ ဓါတ်ပုံ၊ စာသားတွေကို Google ကနေ ရှာဖွေတိုက် ဆိုင်စစ်ဆေး ဖတ်ရှုတာမျိုးအပြင် အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေကို ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။
မြေလတ်အသံမှ အချက်အလက်စိစစ်ဖော်ပြခဲ့တဲ့ သတင်းတု၊ သတင်းမှားတွေကို ယခုလင့်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် - သတင်းစိစစ်ချက်များအား ကြည့်ရှုရန်
#မြေလတ်အသံ
#Factcheck #သတင်းတုသတင်းမှား #ကနီ #ပညာရေးတာဝန်ခံ #ဦးဝင်းဌေး
Share Share Share