ကနီပညာရေးတာဝန်ခံ တမိသားစုလုံးသတ်ဖြတ်ခံရမှု ရက်လည်တဲ့အထိ တရားခံမပေါ်သေး     ■ သံသယရှိသူတဦးကို ပလဖ စစ်ဆေးလျှက်ရှိ

ကနီပညာရေးတာဝန်ခံ တမိသားစုလုံးသတ်ဖြတ်ခံရမှု ရက်လည်တဲ့အထိ တရားခံမပေါ်သေး  ■ သံသယရှိသူတဦးကို ပလဖ စစ်ဆေးလျှက်ရှိ

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးတာဝန်ခံ ဦးဝင်းဌေးတို့တမိသားစုလုံး သတ်ခံလိုက်ရတဲ့အမှုက တပတ်ကျော်ကြာတဲ့အထိ အမှုတရားခံမပေါ်ပေါက်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရတဲ့နေ့ကစလို့ နိုဝင်ဘာ ၁၃ ရက် ဒီကနေ့အထိ ဘယ်သူတွေကသတ်ဖြတ်ခဲ့တယ်ဆိုတာကို မသိရသေးဘဲ အမှုကို ကနီမြို့နယ် ပလဖနဲ့ ယင်းမာပင်ခရိုင် ပလဖ တို့က ဦးဆောင်စစ်ဆေးနေတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ သံသယတရားခံ ၁ ဦးကိုတော့ ထိန်းသိမ်းစစ်ဆေးလျှက်ရှိတယ်လို့ အမည်မဖော်လိုတဲ့ ကနီဒေသခံတဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် ကျူးလွန်သူတရားခံ မပေါ်ပေါက်မချင်း စစ်ကိုင်းတိုင်းထဲက မြေပြင်ပြည်သူ့အခြေပြုကျောင်းတွေ၊ အွန်လိုင်းကျောင်းတွေမှာ လစဥ် လဆန်း ၄ ရက်ကို ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်လို့ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

“အခု (နိုဝင်ဘာလ) ၁၂၊ ၁၃၊ ၁၄ ကို တိုင်းအနေနဲ့ ကျောင်းပိတ်ရက် သတ်မှတ်ထားတယ်၊ အမှုမှန် ပေါ်ပေါက်ရေး ဖိအားတခုအနေနဲ့ လစဉ် ၄ ရက်နေ့တိုင်း ကျောင်းပိတ်ရက် သတ်မှတ်ထားကြတယ်။" လို့ သူက ပြောပါတယ်။ 

၂၀၂၄ နိုဝင်ဘာ ၄ ရက်ညပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကနီမြို့နယ်ပညာရေးတာဝန်ခံ ၁ ဦးလည်းဖြစ် ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ) ၁ ဦးလည်း ဖြစ်သူ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ မခြိမ့်ခြိမ့်သဲဝေ၊ ၃ လအရွယ် သမီး ရွှေဝတ်ရည်လွှာတို့ ၃ ဦးစလုံး လည်ပင်းလှီးဖြတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ကြတာပါ။ 

နိုဝင်ဘာ ၆ ရက်မှာ ကျန်ရစ်သူမိဘတွေရဲ့ ဇာတိကို အလောင်းပြန်သယ်သွားပြီး ဈာပနအခမ်းအနား ပြုလုပ်ကာ မိသားစု ၃ ယောက်လုံးကို အုတ်ဂူတခုထဲမှာပဲ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၁၂ ရက် မနေ့က ရက်လည်မှာတော့ တနိုင်ငံလုံးက ပညာရေးဘုတ်အဖွဲ့တွေနဲ့ တိုင်းပညာရေး အဖွဲ့တွေကပေးပို့လာတဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကို ကျန်ရစ်သူမိဘတွေဆီအပ်နှံပြီး ဂုဏ်ပြုအလေးပြုတဲ့ အခမ်းအနားကို ပြုလုပ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။  

“မနေ့က ရက်လည်မှာ ဂုဏ်ပြုပန်းခွေချ အလေးပြုခြင်း အခမ်းအနားလေးကို လုပ်ပေးလိုက်ကြတာ။ ဈာပနတုန်းကတော့ မိဘအိမ်သယ်သွားပြီး လုံခြုံရေးအရရော အပြေးလုပ်လိုက်ရတော့ မခမ်းနားခဲ့ဘူး၊ ဒါကြောင့် ရက်လည်မှာတော့ တတ်နိုင်သလောက် သူရဲကောင်းဆန်ဆန် ဂုဏ်ပြုပွဲလေး လုပ်ပေးဖြစ်ကြတယ်။” လို့ ကနီမြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။  

ဦးဝင်းဌေးတို့ မိသားစု သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေး လုပ်ဆောင်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက် ညနေပိုင်းမှာ စာထုတ်ပြန်ခဲ့ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #ပညာရေးတာဝန်ခံ #အသတ်ခံရ #အမှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10