ကနီမြို့ကနေ ဘာကြောင့် ပြန်ဆုတ်ခဲ့ရသလဲ၊ ရဲဘော်တွေပြောပြတဲ့ ကနီမြို့သိမ်းတိုက်ပွဲအကြောင်း

ကနီမြို့ကနေ ဘာကြောင့် ပြန်ဆုတ်ခဲ့ရသလဲ၊ ရဲဘော်တွေပြောပြတဲ့ ကနီမြို့သိမ်းတိုက်ပွဲအကြောင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ၁၁ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂ ဘက် ကျဆုံးမှုတွေရှိခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်ရှိ ကနီမြို့ကနေ တပ်ပြန်ဆုတ်ထားတယ်လို့ သိရပါတယ်။

မတ် ၂ ရက် မနက် ၅ နာရီထဲက စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အဆမတန်သုံးခဲ့တဲ့အပြင် ရဟတ်ယာဉ်နဲ့ စစ်သားစစ်ကူ၊ လက်နက်ခဲယမ်းစစ်ကူ အများပြားပို့ပြီးနောက် စစ်ကောင်စီဘက်က အသာစီးပြန်ရသွားတာလို့ ဆိုပါတယ်။

မတ် ၂ ရက်ကနေ ၇ ရက်ထိ မြို့ပေါ်နေရာအများစုကို တော်လှန်ရေးရဲဘော်တွေဘက်က သိမ်းပိုက်ထားနိုင်ခဲ့ပြီး ၈ ရက်မှာတော့ စစ်ကောင်စီဘက်က ပထမဆုံး စစ်ကူအနေနဲ့ ပုလဲမြို့၊ အင်မထီးပျူရွာကနေ အင်အား ၈၀ နီးပါး ကို Mi17 နဲ့ ၄ ခေါက်ခေါ်ကာ ပို့ဆောင်ခဲ့ပြီး အဲ့ဒီစစ်ကြောင်းဝင်လာပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားခဲ့တဲ့ နေရာတချို့ကို ပြန်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တိုက်ပွဲကာလ ၁၀ ရက်ကြာတဲ့ထိ မြို့ထဲမှာ ခြေကုတ်ယူကာ စစ်ကောင်စီတပ်ဖွဲ့ တွေကို ဖိအားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၀ ရက် ညနဲ့ မတ် ၁၁ ရက်မှာတော့ ရေဦးမြို့နယ်က ခမရ ၇၀၈ ဘီလူးစစ်ကြောင်းကို Mi 17 နဲ့ ကနီမြို့၊ ရေလည်ကျွန်းပျူရွာကို ပို့ဆောင်ခဲ့ပြီး အဲ့ဒီပျူရွာကတဆင့် မတ် ၁၂ ရက် မနက် ၅ နာရီဝန်းကျင်မှာ မြေပြင်စစ်ကြောင်းထိုးကာ မြို့ထဲကို ရောက်လာခဲ့ပြီး ရှေ့တန်းရဲဘော်တွေရဲ့ နောက်ကျောကိုရောက်လာကာ တိုက်ပွဲအကြီးအကျယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ခမရ ၇၀၈၊ ၇၀၃၊ ၁၇၊ ၁၈၊ ၁၉ စတဲ့တပ်ရင်းတွေက ပူးပေါင်းစစ်ကောင်စီတပ်သားတွေဖြစ်ပြီး စစ်ကြောင်းတခုလုံးတွင် အမိန့်ပေးကွပ်ကဲသူစစ်တပ်အရာရှိ ၁၅ ဦးအထိပါဝင်ကာ စိတ်ကြိုက်ခြယ်လှယ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

“Plan အတိုင်းလုပ်ဖို့ စီစဉ်နေချိန် နောက်ကနေ မထင်မှတ်ဘဲရောက်လာတာ၊ ကနဦးက နောက်ကျည်မို့ အချင်းချင်း မှားပစ်တယ်ထင်တာ။ လက်နက်ငယ်ကျည်သံတွေကြားမှ ရန်သူရောက်လာတယ်သိပြီး ထိတွေ့မှုဖြစ်တော့တာ။ ရှေ့မှာရောက်နေတဲ့ ကျနော်တို့ ရဲဘော်တွေကို နောက်ကနေပြီး ဝင်ဆော်တဲ့ ပုံစံမျိုးဖြစ်သွားတယ်။ အဲ့ကနေ တိုက်ပွဲပုံစံက အလှည့်ပြောင်းဖြစ်သွားတယ်၊ အတွင်းရောအပြင်ရော ၂ ဘက်ဖြစ်သွားတဲ့အနေထားမှာ ဆုတ်ပေးခဲ့ရတယ်။ အဲ့မှာလည်း ထိခိုက်ဒဏ်ရာရ အကျတွေရှိသွားခဲ့တယ်။” လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

အဲ့ဒီနေ့ပွဲမှာ ရဲဘော် ၃ ဦးကျကာ ၁ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရခဲ့ပြီး တိုက်ပွဲကာလ ၁၁ ရက်အတွင်း ရဲဘော် ၁၃ ဦးခန့် အသက်ပေးခဲ့ရပြီး ဒဏ်ရာရ ရဲဘော်တွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

မတ် ၁၂ ရက် မနက်မှာ စတင်ခွာစစ်ဆင်ခဲ့ကြရပြီး ညနေပိုင်းမှာတော့ ကနီမြို့ကနေ တပ်ဖွဲ့အားလုံး ဆုတ်ခွာခဲ့ကြရပါတယ်။ 

ကနီမြို့ကနေ ကာကွယ်ရေးတပ်ဖွဲ့တွေ မဆုတ်ခွာခင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံး ၂ ခုမှာသာ ကျန်ရှိတော့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ကနီတမြို့လုံးနီးပါး စိုးမိုးနေရာယူထားခဲ့တာပါ။

စစ်ကောင်စီဘက်က ၁၁ ရက်ကြာ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး Mi 35၊ Y12၊ Yak 130 တွေနဲ့ ပစ်ခတ်ခဲ့ကာ Y12 တကြိမ်ပစ်ရင် ဗုံးအလုံး ၇၀ ပတ်ချာလည် ကြဲလေ့ရှိပြီး တိုက်ပွဲကာလအတွင်း Y 12 ၂ ကြိမ် အသုံးပြုခဲ့ကာ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်သေဆုံးမှုတော့မရှိပေမယ့် အရပ်သား ပြည်သူတွေသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ကနီက လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ပျက်ကြီးလို ဖြစ်သွားတာ။ စာသင်ကျောင်းဆို စုတ်ပြတ်သတ် သွားတာ။ တချို့ပြည်သူတွေက အိမ်ထဲမှာပဲ ကတုတ်ကျင်းတွေနဲ့ ပုန်းအောင်းနေတာရှိတယ်။ လေယာဉ်ကြဲဒဏ်ကို အဲ့ကတုတ်တွေက မခံနိုင်တော့ လူမသိသူမသိ သေနေခဲ့တဲ့အလောင်းတွေလည်း ရှိတယ်။ တချို့ဟာတွေဆို ပြိုကျပြီး ပိတ်မိသွားတာတွေလည်းရှိတယ်။” လို့ မြေလတ်အသံကို မြေပြင်ရဲဘော်က ပြောပါတယ်။

ကနီမြို့ဟာ တိုက်ပွဲတွင်းသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား အလောင်းတွေ၊ ပြည်သူတွေ၊ တိရစ္ဆာန်တွေကြောင့် နေရာအနှံ့ အပုပ်နံ့တွေ လှိုင်နေခဲ့ပြီး လေကြောင်းထပ်ကြဲချိန် တိရစ္ဆာန်အလောင်းပုပ်ပေါ်ကို ဗုံးကျတဲ့အတွက် ပုပ်နေတဲ့ အသားစတွေက ဘေးပတ်လည်ကို ထပ်မံလွင့်စင်ခဲ့ပြီး တချို့နေရာတွေဆို အနံ့ဆိုးတွေနဲ့ ပြည့်နေခဲ့တယ်လို့ သူက ထပ်ရှင်းပြပါတယ်။ 

ကနီမြို့သိမ်းတိုက်ပွဲကနေ ပြန်ဆုတ်ခွာခဲ့ရတာဟာ လက်နက်ခဲယမ်းအခက်ခဲ၊ ရန်သူဆက်သွယ်ရေး ဖြတ်တောက်မှု မလုပ်နိုင်တာတွေ၊ စစ်ပန်းမှုတွေနဲ့ အထောက်ပံ့အားနည်းမှုတွေကြောင့်ဖြစ်ပြီး စစ်ကူစစ်ကြောင်းတွေကို ဖြတ်တောက်မှုမလုပ်နိုင်ခဲ့သလို ဝေဟင်တိုက်ခိုက်မှုတွေကိုလည်း တုန့်ပြန်ဖို့ တစုံတရာမလုပ်နိုင်ခဲ့တာတွေကြောင့် ဖြစ်တယ်လို့ ကနီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တဦးက သုံးသပ်ပါတယ်။ 

“ရန်သူဘက်က စစ်ကူ ၂ ကြိမ်လုံးကို ဖြတ်တောက်နိုင်ခဲ့ခြင်းမရှိဘူး။ အဲ့ဟာက အကြီးမားဆုံးအားနည်းချက်ပေါ့။ ဝေဟင်တိုက်ခိုက်မှု ၃၀ ကျော်လုပ်တာကို ဘာမှခြိမ်းခြောက်မှု မလုပ်နိုင်ဘူး။ တရက်လောက်သာ ထပ်ထိန်းထားနိုင်မယ်ဆို ရဲစခန်းနဲ့ထွေအုပ်ကို အပိုင်သိမ်းနိုင်မယ့်အနေထားရှိတယ်။” လို့ သူက ဆက်ပြောပါတယ်။ 

ဒါ့အပြင် သတင်းဖောင်းပွမှုတွေကြောင့်လည်း ပါဝင်ပြီး မြို့သိမ်းဖို့ ကြိုးစားနေကြဆဲအချိန်မှာပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ မြို့ကိုသိမ်းနိုင်သွားပြီလို့ သတင်းတက်လာတာတွေကြောင့် ပိုအဖိခံရကာ စစ်ရေးအခြေနေက အလှည့်ပြောင်းဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

“ပထမတကြိမ် စစ်ကူ မလာခင်ထဲက ဆိုးအောက်(Sold Out)တွေအော်နေကြပြီ။ တကယ်တမ်းက မဖြစ်သင့်ဘူး။ မြေပြင်တိုက်နေတဲ့ ရဲဘော်တွေကျ အများကြီးအခက်ခဲဖြစ်တယ်။ ရှေ့ကတိုက်နေတဲ့ရဲဘော်တွေက အသက်နဲ့ ရင်းပြီး တိုက်နေတဲ့အနေထားမှာ လိုင်းပေါ်က လွယ်လွယ်လေးအော်လို့ရတယ်။ ကျဆုံးသွားမှ ဝမ်းနည်းပြတာက အဖြေမဟုတ်ဘူး။ စစ်ရေးဖြစ်တဲ့အတွက် လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရမယ်။ ဒါမျိုးကျ တိုင်းရင်းသား လက်နက်ကိုင်တွေကို အတုယူသင့်တယ်။ သူတို့က နောက်ဆုံးရပြီဆိုမှ ရတဲ့အကြောင်းတင်တာ။ ကျနော်တို့ ဘက်ကကျ မရခင်ကတည်းက ရပြီအော်နေကြတာက ရန်သူကို ပိုပြီးဖိအားပေးသလိုဖြစ်သွားတယ်။ ကိုယ့်ဘက်ကို ပိုပြီးစစ်ရေးပစ်မှတ်ပေးသလို ဖြစ်စေတယ်။ သူတို့ဘက်ကို ငါတို့လည်းအသေခံတိုက်တယ်။ အပေါ်ကလည်း ရသလောက်ကူပေးဆိုတဲ့ ခံပြင်းစိတ်တက်သွားစေတဲ့ အနေထားတွေဖြစ်သွားတယ်။ ပျော်ရွှင်မှုရရမယ့်အစား ဝမ်းနည်းမှု ပြန်ရလိုက်တဲ့ အနေထားရှိတယ်။” လို့ ကနီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေ ပြန်ဆုတ်ခဲ့ရတဲ့ အကြောင်းအရင်းတခုကို မြေပြင်မှာ တိုက်ပွဲဝင်ခဲ့ရတဲ့ ရဲဘော်တဦးက ရှင်းပြပါတယ်။ 

ယင်းမာပင်ခရိုင်မှာ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ မြို့နယ် ၄ ခုရှိပြီး ၄ မြို့နယ်လုံးက စစ်ကောင်စီအတွက် အချက်အချာကျတဲ့မြို့တွေဖြစ်ကာ၊ ကနီဟာ စစ်ကောင်စီနဲ့ ရဲဝန်ထမ်းအိမ်ယာတွေ အများစုရှိတဲ့ ဝန်ထမ်းမြို့လို့ပြောလို့ရသလို ရေကြောင်းအရလည်း အရေးပါပြီး မင်းကင်းက ပျူစောထီးရွာတွေကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ရာမှာ အဓိက လမ်းကြောင်းတခုဖြစ်သလို ချင်းတွင်းမြစ်ကိုအသုံးပြုတဲ့ စစ်ကောင်စီ လမ်းကြောင်းအများစုကို ဖြတ်တောက်မှု လုပ်နိုင်မယ့်အပြင် ပျူစောထီးရွာတွေကို ခြိမ်းခြောက်မှုအများဆုံး ပေးနိုင်မယ့် အနေထားမှာ ရှိတယ်လို့ သိရပါတယ်။

ကနီမှာ တိုက်ပွဲမဖြစ်ခင်က ခလရ ၈၇၊ ၈၉၊ ၂၂၂၊ ၇၇ စတဲ့ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းတွေရှိကြပြီး ရဲစခန်း၊ စာသင်ကျောင်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်းစတဲ့နေရာတွေမှာ တပ်စွဲထားကြကာ အခုလက်ရှိ ကနီမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ နေရာပြန်ယူထားလိုက်ကြပြီလို့လည်း သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ကနီ #စစ်ကိုင်း #ယင်းမာပင် #မြို့သိမ်းတိုက်ပွဲ #စစ်ကူ #ချင်းတွင်းမြစ် #SoldOut #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10