သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ ကနီမြို့နယ်အစပ်မှာရှိတဲ့ ကျောက်လှေကားရွာကို ၁ ပတ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်လှေကားရွာကို ဒီဇင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၃ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၈ ရက် မနေ့ည ၉ နာရီအချိန်မှာလည်း ကျောက်လှေကားရွာကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၂၀ ခန့်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"မနေ့ညတုန်းက ၉ နာရီကျော်မှလာကြဲတာ၊ ၇ ခါ ဗုံးသီးချတယ်။ ဒီဇင်ဘာ ၁၆ ရက်က ၁ ကြိမ်၊ ဒီတပတ် အတွင်း ၂ ည လာပြီးဗုံးချတယ်။ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမရှိ တိုက်ခိုက်နေတာ။" လို့ ကနီမြို့နယ် လူသားစာနာမှုအကူညီပေးရေး အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ကျောက်လှေကားကျေးရွာကို ဒုတိယအကြိမ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် ပြည်သူတွေ ကြောက်လန့်စိတ်နဲ့ ရွာထဲပြန်မဝင်ရဲဘဲ ဘေးကင်းရာမှာ ဆက်လက်စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က ကျောက်လှေကားရွာကို မကွေးလေတပ်က တက်လာတဲ့ ATR-42 MPA ကင်းထောက် ယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရွာအရှေ့မြောက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့ရာမှာ အသက် ၁၁ နှစ်အရွယ် Grade-6 ကျောင်းသား မောင်ဇင်ကိုချစ်၊ အသက် ၁၅ နှစ် အရွယ် Grade-7 ကျောင်းသူ မဇင်မြတ်နိုး၊ အသက် ၁၈ နှစ်အရွယ် Grade-12 ကျောင်းသူ မရွှေဇင်ဝင်းနဲ့ ကိုကျော်နိုင်လင်း အသက် ၃၆ နှစ်၊ ဒေါ်နွယ်နွယ်ဝင်း အသက် ၅၀ တို့ ၅ ဦး သေဆုံးခဲ့ကာ ပြည်သူ ၉ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
အဆိုပါ သေဆုံးပြည်သူတွေထဲမှာ ကိုကျော်နိုင်လင်း၊ မရွှေဇင်ဝင်းနဲ့ မဇင်မြတ်နိုးတို့ ၃ ဦးဟာ မိသားစု ၁ စုထဲက ဖြစ်တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ပုံစာ - ဒီဇင်ဘာ ၁၆ ရက်က ဗုံးကြဲခံရပြီး ပျက်စီးသွားသည့် နေအိမ်။
သတင်း - သိုက်ထွန်း၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မင်းကင်း #ကနီမြို့ #ကျောက်လှေကားရွာ #လေကြောင်းတိုက်ခိုက်
Share Share Share