ကနီမြို့ပေါ်မှာ ရဲတပ်ဖွဲ့နဲ့ PDF တိုက်ပွဲဖြစ်လို့ ရဲ ၃ ဦး သေပြီး လက်နက်ပါရရှိခဲ့

ကနီမြို့ပေါ်မှာ ရဲတပ်ဖွဲ့နဲ့ PDF တိုက်ပွဲဖြစ်လို့ ရဲ ၃ ဦး သေပြီး လက်နက်ပါရရှိခဲ့

 

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်မှာ ခြေလျင်ကင်းလှည့်နေတဲ့ ရဲတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၁၉ ရက် မနက် ၇ နာရီမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရဲ ၃ ဦးသေဆုံးခဲ့တယ်လို့  ယင်းမာပင်ခရိုင် PDF တပ်ရင်းအမှတ် ၃၀ ဆီကသိရပါတယ်။

အင်အား ၁၇ ဦးပါ ရဲတပ်သားတွေက ကနီ၊ ကြို့ပင်လှရပ်ကွက်အတွင်း ကင်းလှည့်နေချိန်  PDF တွေနဲ့ ထိပ်တိုက်တွေ့ကာ ၁၅ မိနစ်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲ ၁ ဦး နေရာမှာသေဆုံးခဲ့ကာ ၂ ဦးကတော့ ဆေးရုံမှာသေဆုံးတာလို့ ယင်းမာပင်ခရိုင်တပ်ရင်း အမှတ် ၃၀  ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

"စပစ်တော့ ရဲတကောင်ကလဲကျပြီး ပွဲချင်းပြီးသေသွားတယ်။ သေတဲ့ကောင်ကို ထားခဲ့ပြီးထွက်ပြေးလို့ နောက်က လိုက်ပစ်တာ ၂ ကောင် ကျည်ထိပြီးလဲသွားတယ်။ အဲ့ ၂ ကောင်ကိုတော့ ဆွဲယူသွားတယ် ။ နှစ်ကောင်ကလည်း ဆေးရုံမှာ သေသွားတယ်လို့ အတည်ပြုနိုင်ခဲ့တယ်" လို့ ပြန်ကြားရေးတာဝန်ခံ ကိုညိုမင်းက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ ရဲတပ်သားဆီကတော့ BA 63  G3 အမျိုးအစား မောင်းပြန် 1 လက်၊ ၇.၆၂ မမ ကျည် အတောင့် ၉ဝ၊ ကျည်ဘောက် သုံးခု၊ ဖုန်း ၁ လုံး၊ စကားပြောစက် ၁ လုံး၊ စာရွက် စာတမ်းတွေ၊ ငွေကျပ်နှစ်သိန်းနဲ့ ကျည်ကာ၂ ထည်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကိုမင်းညိုက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ကနီမြို့ပေါ်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ လုပ်တဲ့အတွက် လက်နက်ကြီးထိမှန်တာကြောင့် အရပ်သားသေဆုံးမှုတွေရှိတယ်လို့လည်း သိရပါတယ်။

 

စာတည်း- ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #တိုက်ပွဲသတင်း #ရဲတပ်ဖွဲ့ဝင် #သေဆုံး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10