သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မနက် ၁ နာရီလောက်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်က တက်လာတဲ့ စက်တပ်လေထီး ၁ စီးက ဗုံးသီး ၆ လုံးကြဲချခဲ့တယ်လို့ဆိုပါတယ်။
"ဗုံးက ရွာကဘုန်းကြီးကျောင်းနဲ့ လူနေအိမ် ၁ လုံးပေါ်ကျတယ်။ ဗုံးကျတဲ့နေအိမ်က သေဆုံးထိခိုက်တာ ရှိတယ်။ ဗုံးအပိုင်းအစ ဒလက် ၃ ခုလည်း သိမ်းမိထားတာရှိတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကျေးရွာထဲက အသက် ၃၀ ကျော်အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး တအိမ်တည်းနေ နောက်ထပ်အမျိုးသား ၁ ဦးလည်း ဒဏ်ရာပြင်းထန်ရခဲ့ကာ နေအိမ်လည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာဘုန်းကြီးကျောင်း အဆောက်အဦတွေလည်းပျက်စီးပြီး ကျောင်းဝန်းအတွင်းရှိ ကား ၂ စီးလည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။
အိမ်ခြေ ၁,၀၀၀ နီးပါး၊ လူဦးရေ ၅၀၀၀ ခန့်ရှိတဲ့ ဆူးလေကုန်းကျေးရွာဟာ ယခုလိုဗုံးချခံရတာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အထက်ပါဒေသခံကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက်ကလည်း ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၁ နှစ်ကနေ ၁၈ နှစ်ကြား ကျောင်းသား ၃ ဦးအပါအဝင် စုစုပေါင်းဒေသခံ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကနီ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သေဆုံး
Share Share Share