ကနီမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အရပ်သားတဦး ထပ်မံသေဆုံး    ■ ၁၀ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ ဦးသေဆုံး

ကနီမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အရပ်သားတဦး ထပ်မံသေဆုံး ■ ၁၀ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်လာပို့မြောက်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ  ၁၀ ရက် မနေ့ည ၁၂ နာရီကျော်ခန့်က စက်တပ်လေထီးပေါ်ကနေ ၁၂၀ မမ ဗုံးသီး ၂ လုံး ကြဲချခဲ့တာဖြစ်ပြီး ပထမ ၁ လုံးက ရွာပြင်ကို ကျရောက်ပေါက်ကွဲကာ ဒုတိယမြောက် ဗုံးသီးချချိန်မှာ ထိမှန်သေဆုံးမှုရှိခဲ့တာလို့ ဆိုပါတယ်။

“ ၂ ယောက်ထိတာ၊ ၁ ယောက်ကတော့ ဆုံးသွားပြီ၊ အသက်ရှင်တဲ့ ၁ ယောက်က ညာဘက်ရင်ဘတ်နဲ့ ကျောဘက် ဖောက်သွားတာ၊ ဆုံးတဲ့ဦးလေးက ကလေး ၃ ယောက်အဖေပါ၊ အခုဆုံးသွားတဲ့လူက သူ့မိသားစုကို‌ ဝင်ခိုင်းပီးတော့ အိမ်ပေါက်ဝကို အခြေအနေကြည့်တဲ့အချိန် အိမ်ရှေ့လမ်းပေါ်ကျသွားတာ။”လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၃ တပ်ရင်းမှူးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးကာ အသက် ၆၀ ဝန်းကျင် အမျိုးသမီး ၁ ဦးကတော့ ရင်ဘတ်ဖောက်ထွက်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၁၀ ရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သား ၄ ဦး သေဆုံးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ကနီမြို့နယ်၊ ဆူးလေကုန်းရွာကို စက်တပ်လေထီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်တပ်လေထီးအသုံးပြုတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ၂၀၂၄ ဒီဇင်ဘာလ လကုန်ပိုင်းကစပြီး မန္တလေးတိုင်းထဲက မြို့နယ်တွေမှာ အသုံးပြုလာတာဖြစ်သလို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့ကိုလည်း စက်တပ်လေထီးတွေ ပို့ဆောင်ကာ စမ်းသပ်မောင်းနှင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ပုံစာ - နတ်လာပို့မြောက်ရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း တွေ့ရတဲ့ အပျက်အစီးနဲ့ လက်နက်ကြီး အစများ

#မြေလတအသံ 

#ကနီ #စက်တပ်လေထီး #ဗုံးကြဲ #ပြည်သူ #သေဆုံး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10