ကနီမှာ ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူဆက်တိုက်ပြုလုပ်

ကနီမှာ ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူဆက်တိုက်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂ ရက် မနက် ၅ နာရီခွဲမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တာဖြစ်ပြီး မတ် ၆ ရက် ဒီနေ့မနက် ၁၁ နာရီခွဲအထိ  စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

“စခထက် ပျူ၊ ရဲ အဲ့ဒါတွေများတယ်၊ ရန်သူ့ဘက်ကလည်း ခံစစ်ကောင်းကောင်း ပြင်ထားတယ်။ ကျနော်တို့ဘက်ကလည်း ဇွဲကောင်းကောင်းနဲ့ တိုက်နေတယ်။” လို့ မြေပြင်တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကနီမှာ ခလရ ၈၇၊ ၈၉၊ ၂၂၂၊ ၇၇ စတဲ့ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းတွေရှိကြပြီး ရဲစခန်း၊ စာသင်ကျောင်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်းစတဲ့နေရာတွေမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

၅ ရက်တာ တိုက်ပွဲအတွင်း ၂ ဖက် ထိခိုက်ကျဆုံးမှုတွေရှိနေကာ စစ်ကောင်စီဘက်က သေဆုံးအခြေနေကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ မတ် ၂ ရက်မှာ ရဲဘော်တယောက် ကျဆုံးထားတယ်လို့ သိရပါတယ်။

ကနီမြို့မှာ ရပ်ကွက် ၃ ခုရှိပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတချို့ ထိမှန်ဒဏ်ရာရတာတွေရှိနေကာ မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ကနီမြို့တိုက်ပွဲပြင်းထန်နေပြီး PDF တွေက ရဲစခန်းလိုင်းခန်းတွဲတွေကို မီးရှို့နေတဲ့အပြင် ပစ်ခတ်တိုက်ခိုက်နေလို့ စစ်ကူပေးကြဖို့ တောင်းဆိုနေကြပါတယ်။

ပုံစာ - မတ်လ ၅ ရက်နေ့ လေကြောင်းနဲ့ ဗုံးကြဲစဉ် ထိမှန်ပျက်စီးခဲ့သည့် နေအိမ်တချို့။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကနီမြို့နယ် #ကာကွယ်ရေးတပ်ဖွဲ့ #တိုက်ပွဲ #လေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10