ကနီမှာ PDF ၃၀ နီးပါးသေတယ်လို့ စစ်ကောင်စီထောက်ခံသူတွေ သတင်းအမှားဖြန့် (Fact Check)

ကနီမှာ PDF ၃၀ နီးပါးသေတယ်လို့ စစ်ကောင်စီထောက်ခံသူတွေ သတင်းအမှားဖြန့် (Fact Check)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ PDF ၃၀ နီးပါး သေဆုံးတယ်ဆိုတဲ့ သတင်းအမှား စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

 

■ သတင်းအမှားပျံ့နှံ့မှု ■

“ကနီပဒက်အကင်၃၀နီးပါး” (မူရင်းရေးသားချက်အတိုင်း) ဟုဆိုကာ နေအိမ်တွင်းပရိဘောဂအပျက်အစီးတွေကို ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၁ ပုံ၊ သေဆုံးနေသူ ၁ ဦးစီပါဝင်တဲ့ ရုပ်အလောင်းဓါတ်ပုံ ၃ ပုံကို တွဲလျက်ဖော်ပြပြီး ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၂၅,၅၀၀ ကျော်ရှိ Truth Media တယ်လီဂရန်ချန်နယ် မှ ဒီဇင်ဘာ ၁၇ ရက် ညနေ ၄ နာရီ ၇ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့ နေ့လယ်ပိုင်းအထိ ကြည့်ရှုသူ ၆,၃၀၀ ကျော် Reaction ၉၂ ခုနဲ့ မှတ်ချက် ၉ ခု ရှိခဲ့တာဖြစ်ပါတယ်။ 

သတင်းမှားဖော်ပြမှုကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

Truth Media တယ်လီဂရန်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/cDhEl

အဆိုပါအကြောင်းအရာ တယ်လီဂရန်လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး နားလည်မှုလွဲစေတဲ့သတင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■ 

Truth Media တယ်လီဂရန်ချန်နယ်မှ ဖော်ပြချက်မှာ ကနီမြို့အမည်မှလွဲလို့ အခြားအချက်အလက်များ မပါဝင်သော်လည်း ဖော်ပြထားတဲ့ဓါတ်ပုံတွေမှာ ၂၀၂၄  ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ကျော် နေ့ရက်/အချိန် ဖော်ပြချက်ပါရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် သေဆုံးသူ ၃ ဦးမှာ ကျား ၂ ဦး၊ မ ၁ ဦး ဖြစ်ကြောင်းတွေ့ရှိရပြီး အဲ့ဒီအထဲက သေဆုံးသူ ကျား ၁ ဦးနဲ့ မ ၁ ဦးမှာ အသက်ငယ်ရွယ်ကြောင်း ခန့်မှန်းနိုင်တဲ့အနေအထားမျိုး တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် လွတ်လပ်တဲ့သတင်းဌာနတွေမှာ ကနီမြို့နဲ့ပတ်သက်တဲ့သတင်းတွေကို ရှာဖွေဖတ်ရှုခဲ့ရာမှာတော့ RFA သတင်းဌာနက ဒီဇင်ဘာ ၁၇ ရက်မှာဖော်ပြထားတဲ့ "ကနီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံး၊ ဆယ်ဦး ဒဏ်ရာရ" ဆိုတဲ့ သတင်းကိုတွေ့ရှိခဲ့ရပြီး  ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီခန့်မှာ ကျောက်လှေကား ရွာကို လေကြောင်းကနေလေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နတ်ကြီးရွာကိုလည်း လေကြောင်းကနေ ငါးကြိမ် ဗုံးကြဲခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

အဲ့ဒီနောက် Google မှာ "ကနီ ကျောက်လှေကားရွာ" ဟု ဆက်လက် ရှာဖွေခဲ့ရာ ကနီမြို့၊ ကျောက်လှေကားရွာနဲ့ နတ်ကြီးရွာတို့ကို ဒီဇင်ဘာ ၁၆ ရက် ည ၈နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကလေး ၂ ဦးအပါအဝင် ၅ ဦးသေဆုံးကြောင်း လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို တွေ့ရှိခဲ့ရပါတယ်။ 

လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -

ကနီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာရကြောင်း RFA သတင်းဌာနမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ကနီမြို့နယ်၌ စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊  ကလေးငယ်အပါအဝင် ၅ ဦးသေဆုံး DVB သတင်းဌာနမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ကနီလေကြောင်းတိုက်ခိုက်မှု အရပ်သား ၅ ဦးသေဆုံး ၂၉ ဦး ထက်မနည်းဒဏ်ရာရကြောင်း VOA သတင်းဌာနမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ကနီမှာ လေကြောင်းကြဲခံရလို့ ကျောင်းသား ၃ ဦးအပါ ၅ ဦးသေဆုံးကြောင်း မြေလတ်အသံသတင်းဌာနမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

သတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရ ကနီလေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ ကလေးနဲ့အရပ်သားတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို Truth Media တယ်လီဂရန်ချန်နယ်က PDF တွေသေဆုံးကြောင်း သတင်းမှားဖော်ပြမှုနဲ့တွဲဖက် အသုံးပြုထားတာကို တွေ့ရပါတယ်။

ဒါကြောင့် ကနီမှာ PDF ၃၀ နီးပါးသေတယ်ဆိုတဲ့ သတင်းဟာ နားလည်မှု လွဲစေတဲ့ သတင်းအမှားတခုသာ ဖြစ်ပါတယ်။

 

■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်အား စိစစ်ချက် ■ 

သတင်းအမှားဖြန့်ဝေနေတဲ့ Truth Media တယ်လီဂရန်ချန်နယ်ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားတွေနဲ့ သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသား ဝါဒဖြန့် နေတဲ့ ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ ဒါ့အပြင် အဆိုပါသတင်းအမှားတွေကို နေပြည်တော် တယ်လီဂရမ်ချန်နယ်က ပြန်လည်မျှဝေလေ့ရှိပြီး အဆိုပါချန်နယ် ၂ ခုဟာ အပြန်အလှန် သတင်းတွေမျှဝေတာ၊ သတင်းအကြောင်းအရာတခုတည်းကို အချိန်ကွာခြားချက်မရှိဘဲ တပြိုင်တည်းဖြန့်ဝေလေ့ ရှိတာတွေကို လေ့လာစောင့်ကြည့်မှုအရ တွေ့ရှိရပါတယ်။

Truth Media တယ်လီဂရန်ချန်နယ် - https://archive.ph/Cqoqs

နေပြည်တော် တယ်လီဂရန်ချန်နယ် - https://archive.ph/utDy2

Truth Media နဲ့ နေပြည်တော် တယ်လီဂရမ်ချန်နယ်တွေဟာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေကို အစဉ် တစိုက်ဖြန့်ဝေနေတာဖြစ်ပြီး ၎င်းချန်နယ်တွေ ယခင်ကဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲကနေ Myanmar Fact-checking Network - MFCN က အချက်အလက်စစ်ဆေးဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

Truth Media တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://www.facebook.com/share/v/1XDGYh9sRP/

နေပြည်တော် တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://www.facebook.com/share/v/1USkZApJnw/

 

■ သုံးသပ်ချက် ■

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက် အရပ်သားသေဆုံးမှုတွေကို စစ်ရေးပစ်မှတ် PDF တွေဖြစ်ကြောင်း သတင်းတု၊ သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိလုပ်ကြံဖန်တီးကာ ဖြန့်ဝေလေ့ရှိပါတယ်။

အခုဖြစ်စဉ်မှာဆိုရင်လည်း စစ်ကောင်စီတပ်က စစ်ရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ အရပ်သားနေအိမ်အဆောက်အဦတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သားအများအပြားသေဆုံး ဒဏ်ရာရခဲ့တဲ့အပေါ် ဖုံးကွယ်နိုင်ဖို့အတွက် သေဆုံးသူတွေမှာ အရပ်သားတွေမဟုတ်ဘဲ စစ်ရေးပစ်မှတ် PDF တွေလို့ လုပ်ကြံဖန်တီးထားတာဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ သတင်းဖော်ပြချက်မှာပါရှိတဲ့ မြို့နယ်၊ ဒေသအမည်တွေနဲ့ သတင်းဓါတ်ပုံတွေမှာပါရှိတဲ့ အချက်အလက်တွေကို သေချာကြည့်ရှုပြီး နေရာ၊အချိန်တို့ တွက်ဆရှာဖွေနိုင်သလို အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကိုကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့လည်း အကြံပြုအပ်ပါတယ်။

မြေလတ်အသံမှ အချက်အလက်စိစစ်ဖော်ပြခဲ့တဲ့ သတင်းတု၊ သတင်းမှားတွေကို ယခုလင့်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် - သတင်းစိစစ်ချက်များ ကြည့်ရှုရန်

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #ကနီ #ကျောက်လှေကား #နတ်ကြီး #လေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10