ကနီ ယင်းမာပင်နယ်စပ်တိုက်ပွဲမှာ PDF ရဲဘော်၂ဦးသေဆုံးပြီး စစ်အုပ်စုဘက်လည်းသေဆုံးမှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ယင်းမာပင် မြို့နယ်ကြား တနေရာမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး PDF ရဲဘော်၂ဦးသေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း အနည်းဆုံး ၁၀ဦးနီးပါး သေဆုံးခဲ့တယ်လို့ Ar Lar Wa Ka L.P.D.F အဖွဲ့ဆီက သိရပါတယ်။ 

ဩဂုတ် ၆ ရက်မနေ့ နေ့လယ် ၁ နာရီလောက်မှာ ကင်းထောက်နေတဲ့ PDF ရဲဘော်တဦးကို စစ်တပ်ဘက်က မြင်သွားပြီး စတင်ပစ်ခတ်ခဲ့ရာက တိုက်ပွဲစဖြစ်ခဲ့ပြီး ကင်းထောက်ရဲဘော်အပါအဝင် ၂ဦးသေဆုံးခဲ့ကာ အလောင်းလည်း ပြန်မကောက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ 

"ကင်းထောက်ပေးရင်းနဲ့ ဆုတ်လမ်းမရှိတော့သလို ဖြစ်သွားတာ။ ခွေးတွေက ပစ်ခတ်တာခံလိုက်ရတယ်။ အလောင်းကို ပြန်ကောက်ဖို့ဟာ ကပ်လို့မရတဲ့အတွက် ပြန်မကောက်နိုင်ခဲ့ဘူး။ နောက်ထပ်ရဲဘော်တဦးကလည်း အပြန်အလှန်ပစ်ခတ်ရင်းနဲ့ ကျခဲ့တာ။ လက်နက်တော့ ပြန်ရခဲ့တယ်။ အလောင်းတော့ပြန်ကောက်လို့ မရခဲ့ဘူး" လို့ Ar Lar Wa Ka L.P.D.F အဖွဲ့တာဝန်ခံ ဗိုလ်ထက်ရှိုင်းက ပြောပါတယ်။

တိုက်ပွဲက အနီးကပ်ဖြစ်ခဲ့တာကြောင့် PDF တွေဘက်က ၂ဦးသေဆုံးခဲ့သလို စစ်တပ်ဘက်ကလည်း အနည်းဆုံး ၁၀ဦးဝန်းကျင်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

"အသက်လုပြီးတော့ကို ပြင်းပြင်းထန်ထန်ပစ်ခဲ့ရတယ်။ ကျနော်တို့ပွိုင့်ဘက်က ပစ်တာတင် ၄ ဦးလောက်သေဆုံးခဲ့တယ်။ အလောင်းတွေသယ်နေတာ ဆွဲနေတာကအစ ကျနော်တို့မြင်ခဲ့ရတာ။ စစ်ကောင်စီဘက်က ၂ ကောင်ဆိုရင် ပြန်ပြီးတော့မကောက်နိုင်ဘူး။ စစ်ကောင်စီဘက်က စုစုပေါင်းသေတာ ၁၀ ယောက်ဝန်းကျင်ရှိတယ်။" လို့  ဗိုလ်ထက်ရှိုင်းက ဆိုပါတယ်။

တိုက်ပွဲကြာချိန် ၂နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး ကျည်မလုံလောက်လို့ နေ့လယ် ၃နာရီလောက်မှာ တပ်ပြန်ဆုတ်ခဲ့ရပြီး ကျဆုံးရဲဘော်တွေအတွက် သက်ပျောက်ဆွမ်း‌ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွင်း သေဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးဟာ Fighter One အဖွဲ့က အသက် ၁၈နှစ်အရွယ် ရဲဘော် ဝေယံအေးနဲ့ နောက်ထပ်မဟာမိတ်အဖွဲ့ဝင် ရဲဘော် BE အသက် ၂၈နှစ်တို့ဖြစ်ပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို  Ar Lar Wa Ka L.P.D.F၊ Fighter One နဲ့ ဒေသခံအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #ကနီ #ယင်းမာပင် #စစ်ကောင်စီ #PDF #တိုက်ပွဲ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10