ကန့်ဘလူက ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

ကန့်ဘလူက ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တောင်ဘက်၊ ထန်းကုန်းတိုက်နယ်၊ ဝက်တိုး(မြောက်)ရွာ ပျူစောထီးအထိုင်စခန်း တိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံးသွားတယ်လို့ ကန့်ဘလူမြို့နယ်ပကဖထံက သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက် မနေ့ည ၁၁ နာရီခန့်မှာ အင်အား ၂၀ ကျော်ခန့်ရှိတဲ့ ပျူစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားပြီး တနာရီကျော်ကြာမှာ ပျူစခန်းကို စီးနင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ပျူစခန်းက ကျေးရွာစာသင်ကျောင်းမှာ လုပ်ထားတာ။ ဒီဘက်က ရဲဘော်တွေက အချိန်ယူပြင်ဆင်ပြီး တိုက်ခဲ့ရတယ်။ စခန်းထိတော့ ဝင်စီးနိုင်ခဲ့ကြတယ်" လို့ ကန့်ဘလူမြို့နယ် ပကဖတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ ပျူစောထီးတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ပျူစောထီးတွေကိုင်ဆောင်တဲ့ သေနတ် ၁၀ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ ကန့်ဘလူမြို့အခြေစိုက် ၆၀၀၆ သံချပ်ကာတပ်ရင်းက ဝက်တိုးမြောက်ရွာဘက်သို့ ဦးတည်ကာ ဟောင်ဝှစ်ဇာအတွဲလိုက်ပစ်ဒုံးတွေနဲ့ ၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဝက်တိုး(မ)ရွာမှာ PDF နဲ့ ပျူစောထီးတွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမှာ ပျူစောထီး ၈ ဦး သေဆုံးကာထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိပြီး PDF များက ကာဘိုင်နဲ့ ပြောင်းချောသေနတ် ၁၀ လက်ခန့် သိမ်းဆည်းသွားနိုင်ကြောင်း မြေပြင်အချက်အလက်တွေကိုသိရှိတဲ့ ဒေသသတင်းရင်းမြစ်တဦးကလည်း အတည်ပြုပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကလည်း ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘိုတိုက်နယ်ကြားမှာ အင်အား ၁၀၀ ကျော်ပါတဲ့ ပျူစစ်ကြောင်းတိုက်ခိုက်ခံရပြီး  သေနတ်မျိုးစုံ ၅၉ လက်ကို ဒေသကာကွယ်ရေး တပ်တွေဘက်က သိမ်းဆည်းနိုင်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်ခံရမှုမှာ ပျူစောထီးအဖွဲ့ဝင် ဆယ်နဲ့ချီသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ပျူစောထီး #အထိုင်စခန်း #တိုက်ခိုက်ခံရ #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10