ကန့်ဘလူစစ်ကြောင်းက ဒေသခံ ၄ ဦး ကိုဖမ်းဆီးသွားတာကြောင့် ကျေးရွာ ၇ ရွာမှ ဒေသခံတွေ ထွက်ပြေးနေရ

ကန့်ဘလူစစ်ကြောင်းက ဒေသခံ ၄ ဦး ကိုဖမ်းဆီးသွားတာကြောင့် ကျေးရွာ ၇ ရွာမှ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က သြဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကြောင့် ကျေးရွာ ၇ ရွာက ဒေသခံပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သိရပါ တယ်။

ကျွန်းလှမြို့နယ်မှ အင်အား ၁၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်နေတဲ့ ချပ်ကြီးကျေးရွာသို့ စစ်ကူသွားချိန် အင်းမကျေးရွာမှ ကိုနိုင်လင်း ၃၃ နှစ်နဲ့ ဇနီးဖြစ်သူ မခင်နွဲ့ ၃၄နှစ်၊ ဒေါ်မိမြိုင် ၅၃ နှစ်နဲ့ ညီမဖြစ်သူ ဒေါ်ခင်မာမိုး ၄၃ နှစ်တို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

"နိုင်လင်း လင်မယားက လယ်တဲမှာ မွေးထားတဲ့ဝက်တွေကို အစာကျွေးဖို့သွားချိန် အဖမ်းခံရတာ။ မိမြိုင်တို့ ညီအစ်မတွေလည်း လယ်ထဲမှာပဲ အဖမ်းခံလိုက်ရတာ" လို့ အင်းမကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

သြဂုတ် ၁၆ ရက် ဒီကနေ့မနက် ၇နာရီ ကျော်မှာတော့ အဖမ်းခံရသူ ၄ ဦးထဲမှ မခင်နွဲ့ ၁ ဦးသာ ပြန်လွတ်လာပြီး ကျန်တဲ့ ၃ ဦးကိုတော့ စစ်ကြောင်းသွားရာ တလျှောက်ခေါ်ဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

"စစ်ကြောင်းကတော့ အခုထိ ချပ်ကြီးရွာစခန်းကိုမရောက်သေးဘဲ လမ်းမှာပဲ ရှိသေးတယ်။ ခင်နွဲ့က နှလုံးဂေါရာသည်ဖြစ်တော့ လမ်းမလျှောက်နိုင်လို့ ပြန်လွတ်လာခဲ့တာ" လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းထိုးရာလမ်းတလျောက်ရှိ အင်းမ၊ ရှမ်းကုန်း၊ ဖလားရ၊ ပင့်သာ၊ ချောင်းခြား၊ ဇီးကုန်း၊ အင်ငုတ်တိုကျေးရွာက ဒေသခံပြည်သူတွေဟာ သြဂုတ် ၁၆ ရက် ဒီကနေ့အချိန်ထိ မိမိတို့ကျေးရွာကို ပြန်မဝင်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့သြဂုတ် ၁၅ ရက်မှာ ချပ်ကြီးကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေက မနက် ၆ နာရီကျော်ကနေ မွန်းလွဲ ၃ နာရီကျော်အထိ ၁၀ နာရီအကြာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ကန့်ဘလူမြို့နယ်မှ ဝါသဝဦးစီးသည့် ပြည်သူ့စစ်အဖွဲ့များ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့ #စစ်ကောင်စီ #ပြည်သူ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10