ကန့်ဘလူတောင်ဘက်ခြမ်းကို စစ်ကြောင်းဝင်နေလို့ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ

ကန့်ဘလူတောင်ဘက်ခြမ်းကို စစ်ကြောင်းဝင်နေလို့ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့တွက် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၃၀ ရက် ဒီမနက် ၂ နာရီလောက်မှာ ချင်မြစ်ကျင်းကျေးရွာဘက်ကနေ ခမရ ၃၆၁ က စစ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကြောင်းက သရက်ခေါင်းကျေးရွာဘက်ကို ရောက်လာတဲ့အတွက် အဲ့ဒီကျေးရွာအပါအဝင် အနီးကျေးရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့  ဆိုပါတယ်။

"မနက်က သူတို့လာတယ်လို့ သတင်းရလို့ မနက်အစောကြီး မိုးတွေကရွာနေချိန် ဒေသခံတွေက ရွာလုံးကျွတ် ပြေးရတာ။ စိုရွှဲနေတဲ့ကြားကနေ အသက်လုပြေးနေရတယ်။ ခုတော့ စကစ စစ်ကြောင်းက သရက်ခေါင်းရွာထဲရှိနေတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်လာပါက နေအိမ်မီးရှို့၊ ဒေသခံတွေကို ဖမ်းဆီးပစ်သတ်တာတွေ လုပ်တဲ့အတွက် “စစ်ကြောင်းဝင်လာပြီ” ဆိုတဲ့ သတင်းကြားရုံနဲ့တင် ဒေသခံတွေဟာ ကြောက်လန့် ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကိုးမြို့၊ တောင့်တဲကုန်း၊ ညောင်ဇင်ကြီး၊ သိုးဘိုး၊ ဖလံချိုင်၊ ငါးရာနဲ၊ သရက်ခေါင်း၊ မင်းဘာ၊ လက်ထုတ်ကုန်း စတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ 

လတ်တလောအခြေအနေမှာ မိုးကလည်းရွာနေတဲ့အတွက် စစ်ရှောင်တွေဟာ အမိုးအကာမရှိဘဲ လယ်ကွင်းတွေနဲ့ သစ်ပင်တွေအောက်မှာ ဖြစ်သလို နေထိုင်နေရတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း ကန့်ဘလူမြို့နယ်ထဲက တနယ်ကြီး၊ ဘိုတဲကုန်းနဲ့ ပေကုန်းရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့လို့ ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးနေရပြီး စစ်ကြောင်းပြန်ထွက်သွားချိန်မှ ကျေးရွာတွေထဲကို ပြန်ဝင်နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်အထိ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံ ၇ သိန်းခွဲကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကုလသမ္မဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ကြေညာထားပါတယ်။

ပုံစာ - ၂၀၂၃ ခုနှစ် မေလအတွင်းမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြသည့် ကန့်ဘလူနယ်အတွင်းက ဒေသခံများ။ (ပုံဟောင်း) 

စာတည်း -လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ရှောင် #စစ်ကောင်စီ #စစ်ကြောင်းထိုး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10