ကန့်ဘလူတွင် စစ်ကောင်စီနဲ့ PDF တွေ ၈ နာရီ‌ကျော်ကြာတိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူယူရ

ကန့်ဘလူတွင် စစ်ကောင်စီနဲ့ PDF တွေ ၈ နာရီ‌ကျော်ကြာတိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူယူရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ငှက်ပျောတိုင်းကျေးရွာတွင် စစ်ကောင်စီတပ်နဲ့ ပျူ‌စောထီးပူးပေါင်းအဖွဲ့ တွေ အထိုင်ချ တပ်စွဲဖို့ကြိုးစားနေတဲ့ လျှပ်စစ်ဓာတ်အားပေးရုံကို ဒေသကာကွယ်ရေးတပ်တွေက ပူးပေါင်း တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၉ ရက် မနေ့ မနက် ၅ နာရီက စတဲ့ ၈ နာရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျ အဆုံးများတဲ့အတွက် လေကြောင်းပစ်ကူ ၃ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင်တပ်ရင်းထံက သိရပါတယ်။

အင်အား ၇၀ ကျော် တပ်စွဲအထိုင်ချဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ တိုက်ပွဲကြာချိန် ၂ နာရီမှာ လျှပ်စစ်ရုံးကို PDF တပ်ဖွဲ့တွေက သိမ်းလိုက်နိုင်ပြီး မသေဘဲကျန်ရှိတဲ့ စစ်ကောင်စီတပ်တွေက ၎င်းတို့ဒုတိယအထိုင်ချရာ ဒေသအခေါ် ခွေးကုန်းကို ထွက်ပြေးသွားတဲ့အတွက် အဲ့ဒီ‌နေရာကိုပါ လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီအင်အား ၇၀ ကျော်ရှိရာမှာ ၅၀ နီးပါးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

"တိုက်နေတဲ့ ၂ နာရီလောက် ကြာလာတဲ့အချိန်မှာ လေယာဉ်ပစ်ကူရောက်လာပြီး ကြဲတာ။ နမခက တက်လာတဲ့ Mi 35 နဲ့ လာပစ်ကူတာ။ ပြန်မဆုတ်ဘဲ ဆက်တိုက်တာ စခန်းသိမ်းလိုက်နိုင်တယ်" လို့ ကန့်ဘလူဒေသကာကွယ်ရေး တပ်ဖွဲ့၀င်ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီဘက်က နမခမှ တက်လာတဲ့ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ မနက် ၇ နာရီကျော်တွင် တကြိမ်၊ မနက် ၁၀ နာရီနဲ့ နေ့လယ် ၁ နာရီတွင် တကြိမ် ၃ ကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့ပြီး မြေပြင်ကလည်း အင်အား ၁၀၀ ရှိတဲ့ စစ်ကူတွေ ထပ်မံရောက်လာတဲ့အတွက် စခန်းသိမ်းနိုင်ခဲ့ပေမယ့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ကန့်ဘလူခရိုင်တပ်ရင်း ၃၊ တပ်ရင်း ၄၊ ခင်ဦးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #လျှပ်စစ်ရုံး #စစ်ကောင်စီ #ပျူ #PDF #စခန်းသိမ်း #Mi35 #လေကြောင်း #ပစ်ကူ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10